သံတွဲမြို့မှာ မီးရှို့မှု ဖြစ်ပွား
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၇ နာရီလောက်က ကမန်အမျိုးသား တစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။
-
2013-09-29 -
-
-
ရခိုင်ပြည်နယ် သံတွဲမြို့မှာ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၇ နာရီလောက်က ကမန်အမျိုးသား တစ်ဦးရဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကိုပြောပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအတွင်းရေးမှူး ဦးဝင်းမြိုင်က နေအိမ် ၂ လုံးမီးလောင်ခဲ့တာ ဟုတ်မှန်ကြောင်း၊ အခြေအနေကို ထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း ပြောပါတယ်။
" ည ၇ နာရီလောက်မှာ တာဝတိန်သာလမ်းနဲ့ ဂန္ဓမာလမ်းထောင့်မှာ နည်းနည်းဆူပူမှုဖြစ်ပြီးတော့ နေအိမ်နှစ်လုံး မီးလောင်တယ်လို့တော့ သိရတယ်၊ လောလောဆယ် အဲ့လောက်ပဲ သိရသေးတယ်၊ ဒါပေမယ့် ၇ နာရီခွဲ ၈ နာရီလောက်ကျတော့ ဂျီအီး တပ်ကနေသွားကြည့်တော့ ပြဿနာမဖြစ်တော့ဘူး"
မီးရှို့ခံရတဲ့ အဆောက်အဦးမှာ တစ်လုံးက ကမန်အမျိုးသားတစ်ဦးရဲ့ နေအိမ်ဖြစ်ပြီး နောက်အဆောက်အဦး ကတော့ နေအိမ် ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။
စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ မြို့တော်ခန်းမအနီးက ကမန်အမျိုးသားတစ်ဦးပိုင်ဆိုင်တဲ့ စက်ပစ္စည်း အရောင်းဆိုင်ရှေ့ သုံးဘီးဆိုင်ကယ်တစ်စီး ရပ်နားခဲ့ရာမှာ ဆိုင်ရှင် ကမန်အမျိုးသားနဲ့ သုံးဘီး ဆိုင်ကယ် ပိုင်ရှင်တို့ စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဆိုင်ပိုင်ရှင် ကမန်အမျိုးသားကို ခေါ်ယူမေးမြန်း စစ်ဆေးခဲ့ပြီး၊ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အတွက် မကျေနပ်တဲ့ လူအုပ်စုတစ်စုက ကမန်အမျိုးသားရဲ့ နေအိမ်ကို မီးရှို့ခဲ့တာလို့ သိရပါတယ်။