တမူး PDF တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် PDF တပ်ဖွဲ့ဝင် ဦးမြင့်အောင်ဟာ ဇန်နဝါရီ ၂၄ ရက် မနေ့က ကင်ဆာ ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ရောဂါကုဖို့ အိမ်ရောင်းချင်ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချိတ်ပိတ်တာခံလိုက်ရပြီး အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ တမူး PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"ဦးလေးက ကင်ဆာရောဂါဖြစ်တယ်ဆိုတာ ၁၁ လ ပိုင်းလောက်က စသိတယ်။ နောက် သုံးလလောက်ပဲ ခံတော့မယ်ဆိုတာသိတယ်။ ဆေးကုတာကတော့ တိမ်းရှောင်တဲ့ နေရာမှာ ကုသရင်းဆုံးသွားတာ။ သူအိမ်ကိုရောင်းပြီး ကုဖို့လုပ်တယ်။ ဒါပေမဲ့ သူ့အိမ်က စစ်တပ်ကချိတ်ပိတ်သွားလို့ ဆေးကုဖို့ တော်တော်အခက်ခဲကြုံရတယ်’’
အသက် ၆၉ နှစ်အရွယ်ရှိ ဦးမြင့်အောင်ဟာ တမူးမြို့ မြို့မ ၁၂ (ခ) ရပ်ကွက်မှာ နေထိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က သူ့အိမ်ချိတ်ပိတ်ခံခဲ့ရပါတယ်။ ဒီလိုနေအိမ်ချိတ်ပိတ် ခံရတာကြောင့် မိသားစုဝင်အားလုံး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ရပြီး ဆေးကု သမှုခံယူရင်းကနေ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူဟာ တမူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ဖြစ်သလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေး ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်တယ်လို့ တမူး PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူ ၁၀ ယောက်ကျော်ရှိပြီလို့ တမူးဒေသခံတွေက ပြောပါတယ်။