အစိုးရတပ် စစ်ကြောင်းမှူး ဒဏ်ရာ ရရှိကြောင်း SSA ပြောဆို
စက်တင်ဘာလ ၂၂ ရက်နေ့က SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ မြန်မာ အစိုးရတပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် မြန်မာ အစိုးရတပ်က တစ်ဦး ကျဆုံးပြီး စစ်ကြောင်းမှူး အပါအဝင် ၇ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိပါတယ်။
-
2011-09-23 -
-
-
စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားနိုင်းကျေးရွာအနီးမှာ SSA မြောက်ပိုင်း တပ်ရင်းအမှတ် ၇၂၆ နဲ့ မြန်မာအစိုးရတပ်
တပ်ရင်း ၅၀၆ တို့၁၅ မိနစ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
အစိုးရတပ်က သူတို့ကို တောနင်းရှာဖွေ တိုက်ခိုက်နေတဲ့အတွက် စစ်တပ်လာနိုင်မယ့် လမ်းမှာ စောင့်ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ အစိုးရတပ်က တဦးသေဆုံးပြီး စစ်ကြောင်းမှူး ဗိုလ်မှူး ဇော်ဝင်းနိုင်နဲ့ ဗိုလ်အဆင့် အရာရှိ အပါအဝင် ရ ဦးလောက် ဒဏ်ရာ ရရှိသွားကြောင်း၊ SSA မြောက်ပိုင်းတပ်က ထိခိုက်မှု မရှိကြောင်း SSA မြောက်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ကလည်း နှစ်ဘက်တပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် အစိုးရတပ်ဘက်က ၆ ဦး သေဆုံးပြီး၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်း ရမိခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလှက ပြောပါတယ်။
SSA မြောက်ပိုင်းတပ် အခြေစိုက်ရာ ဒေသအတွင်း ပြီးခဲ့တဲ့ မတ်လကစပြီး အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ဒေသခံ ပြည်သူတစ်ချို့ အိုးအိမ် စွန့်ခွါ ထွက်ပြေးရတာတွေ ရှိသလို၊ လူ့အခွင့်အရေး အချိုးဖေါက်ခံရမှုတွေလည်း ရှိတယ်လို့ ဗိုလ်မှုးစိုင်းလှက ပြောပါတယ်။ အခု ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က သတင်း တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။