အစိုးရနဲ့ SSA တောင်ပိုင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS∕SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင်ဖို့ ဇန်နဝါရီလမှာ တွေ့ဆုံကြဖို့ မနေ့က နှစ်ဘက် သဘောတူခဲ့ကြပါတယ်။

SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA RFA

အစိုးရဘက်က အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ခင်မောင်ဌေးနဲ့ SSA တောင်ပိုင်းတပ်ဖွဲ့က ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်းနင်းတို့ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

မကြာသေးခင်က အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ငြိမ်းချမ်းရေးကိစ္စကို လာမယ့် နှစ်သစ် ၂ဝ၁၂ ဇန်နဝါရီလအတွင်းမှာ ပြည်တောင်စုအဆင့်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ နှစ်ဘက် သဘောတူခဲ့ကြကြောင်း SSA တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေး၊ လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ လွတ်လပ်စွာ သွားလာနိုင်ရေး၊ နိုင်ငံရေးကိစ္စရပ်တွေကို ပြည်တောင်စုအဆင့်မှာ ဆွေးနွေးရေး စတဲ့ အချက် ၄ ကို ပြည်ထောင်စုအစိုးရဘက်က ဆွေးနွေးခဲ့သလို SSA တောင်ပိုင်းတပ်ဖွဲ့ကလည်း အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးပြဿနာ တွေကို လွတ်လပ်စွာ ဖြေရှင်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ဗဟိုဌာနချုပ်နယ်မြေ သတ်မှတ်ရေး အပါအဝင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ရေး ကု ချပြဆွေးနွးခဲ့ပြီး နှစ်ဘက် မူအရ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်က မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့တဲ့ ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့ကနေ သီးခြား ခွဲထွက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေးပို့ထား တာကို နားဆင်နိုင်ပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org