ဦးရွှေမန်းကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် ပြင်ဆင်မှု ဦးစိုးသိန်း ကန့်ကွက်
ပြည်ထောင်စုလွှတ်တော် နာယကဟောင်း ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင် ခွင့်တွေ ဒုတိယအကြိမ် ပြင်ဆင်မှုအပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
-
2017-11-21 -
-
-
ပြည်ထောင်စုလွှတ်တော် နာယကဟောင်း ဥက္ကဌအဖြစ် တာဝန်ယူနေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ ဒုတိယအကြိမ် ပြင်ဆင်မှု အပေါ် ဝန်ကြီးဟောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ဒီနေ့ ကန့်ကွက်လိုက်ပါတယ်။
ဒုတိယအကြိမ် ပြင်ဆင်၊ သတ်မှတ်လိုက်တဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ကော်မရှင်ဟာ တည်ဆဲဥပဒေတွေ ကို လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့နဲ့ အသစ်ပြဌာန်းဖို့ သင့်တဲ့ဥပဒေတွေကို ပြည်ထောင်စု လွှတ်တော်ထံ တင်ပြရမယ်လို့ ပါဝင်ပါတယ်။
ဒါ့အပြင် ခေတ်ကာလနဲ့ လိုက်လျောညီထွေမှုရှိပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဖြစ်ထွန်းစေမယ့် ဥပဒေကြမ်းတွေကို ရေးဆွဲပြုစုပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြရမယ်လို့ ပါရှိပါတယ်။
အဲဒီအချက်တွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
ဥပဒေကြမ်းတွေ ရေးဆွဲပြုစုပြီး တင်ပြခွင့်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကသာ လုပ်ပိုင်ခွင့်ရှိတာဖြစ်တယ်လို့ ဦးစိုးသိန်းက ထောက်ပြခဲ့ပါတယ်။
အရင်က ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ဥပဒေကြမ်းတွေကို ရေးဆွဲပြုစုတင်ပြရမယ်လို့သာ သတ်မှတ်ထားတာဖြစ်ပြီး ဥပဒေကြမ်းတွေကို ရေးဆွဲပြုစုပြီး ပြည်ထောင်စုလွှတ်တော်ထံ တင်ပြရမယ်လို့ အခုပြင်ဆင်လိုက်တာဖြစ်ပါတယ်။
အရင်ကပေးထားတဲ့လုပ်ပိုင်ခွင့်ထဲမှာ ဥပဒေကြမ်းတွေကို ဘယ်အဖွဲ့အစည်းကို ရေးဆွဲပြုစုတင်ပြရမယ်လို့ မပါတဲ့အတွက် အခုတစ်ကြိမ်မှာ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြဖို့ ဖြည့်စွက်လိုက်တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က လွှတ်တော်မှာ ရှင်းပြခဲ့ပါတယ်။
ဦးဝင်းမြင့်က ရှင်းလင်းပြောဆိုပြီးနောက် ဦးစိုးသိန်းက ပြင်ဆင်သတ်မှတ်ချက်ကို သဘောတူလိုက်တာဖြစ်ပါတယ်။
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် မတ်လ ၁ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
အဲဒီကော်မရှင်ဟာ ဥပဒေကြမ်းရေးဆွဲဖို့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ တာဝန်ပေးချက်အရ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမှာဖြစ်သလို လွှတ်တော်နာယကက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ်တောင်းခံလာတဲ့အခါမှာလည်း အကြံပြုချက်ပေးရမယ်လို့ တာဝန်ပေးထားပါတယ်။