အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ သီရိလင်္ကာအိုင်တီပညာရှင်တွေ လူကုန်ကူးခံနေရ
စိတ်ဝင်စားသူတွေကို အလုပ်အင်တာဗျူးဖြေရမယ်လို့ အကြောင်းပြပြီး ဒူဘိုင်းကို ခေါ်သွားပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်လိုက်တယ်လို့လည်း ဖော်ပြပါတယ်။
-
RFA Burmese
2024-11-12 -
-
-
သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ယူအေအီးနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဆီကို လူကုန်ကူးမှုတိုးမြင့်လာတဲ့အကြောင်း သီရိလင်္ကာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
လေ့လာစုံစမ်းမှုတွေအရ လူကုန်ကူးသူတွေဟာ သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ပစ်မှတ်ထားပြီး လစာကောင်းတဲ့ နည်းပညာ အလုပ်အကိုင်တွေရမယ်လို့ ဖြားယောင်းသွေးဆောင်ခေါ်ယူလေ့ရှိတယ်လို့ နိုဝင်ဘာလအစောပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
စိတ်ဝင်စားသူတွေကို အလုပ်အင်တာဗျူးဖြေရမယ်လို့ အကြောင်းပြပြီး ဒူဘိုင်းကို ခေါ်သွားပြီးနောက် မြန်မာနိုင်ငံကို ပို့ဆောင်လိုက်ကြောင်း၊ အဲဒီနောက် အင်တာနက်ကနေတစ်ဆင့် ငွေလိမ်တဲ့ လုပ်ငန်းတွေမှာ အတင်းအကျပ်ခိုင်းစေခံကြရတဲ့အကြောင်း Sri Lakan Guardian သတင်းမှာ မနေ့က ဖော်ပြပါတယ်။
ဒီလိုစေခိုင်းခံရသူတွေဟာ ဖိနှိပ်အနိုင်ကျင့်တာတွေနဲ့ကြုံရတဲ့အပြင် လျှပ်စစ်နဲ့အတို့ခံရတာလိုမျိုး နှိပ်စက်ညှဉ်းပန်းတာတွေကို ခံကြရတယ်လို့လည်း ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံသားတွေအနေနဲ့ ပြည်ပကို တရားမဝင်လမ်းကြောင်းတွေကနေ သွားရင် အန္တရာယ်ရှိရုံတင်မကဘဲ သီရီလင်္ကာမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ခွင့်ဥပဒေကိုပါ ချိုးဖောက်ရာရောက်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
ဒါကြောင့် အလုပ်အကိုင်ရှာဖွေသူတွေအနေနဲ့ တရားဝင်လမ်းကြောင်းကပဲ သွားကြဖို့နဲ့ အလည်အပတ်ဗီဇာနဲ့ သွားပြီး အလုပ်ရှာတာမျိုး မလုပ်ကြဖို့ သီရိလင်္ကာလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက သတိပေးထားပါတယ်။