ဆင်ဘိုမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံး

ဆင်ဘိုမြို့ကို ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်ဘိုမြို့နယ်ကို ၂၀၂၄ ခုနှစ် ဧပြီ ၂၅ ရက်နေ့က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးအား တွေ့ရစဉ်။ The 74 Media

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဧရာ၀တီမြစ်ဘေးမှာရှိတဲ့ ဆင်ဘိုမြို့ကို ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ဆင်ဘိုမြို့နဲ့ နှစ်မိုင်ခန့်ဝေးတဲ့ မြင်သာရွာက အသက် ၃၀ အရွယ် ဦးကျော်လင်းသေဆုံးခဲ့ပြီး မိခင်ဒေါ်ခင်လှက ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ညနေက လေယာဉ်နဲ့ပဲလာပစ်တာ။ သုံးကြိမ်လာတာ။ ကျွန်တော်တို့ ဘုရားကျောင်းတွေမှာလည်း ထိတယ်။ မြင်သာရွာက အမျိုးသားတစ်ယောက် သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ မနေ့က ဘာမှတိုက်ပွဲမှ မဖြစ်ဘဲ လာပစ်တာ။ ဒီနေ့မနက်ကတော့ ၇ နာရီလောက်ကစပြီး တိုက်ပွဲပြင်းနေတယ်။ အသံတွေ ဆက်တိုက်ကြားနေရတယ်”

ဧပြီလ ၂၆ ရက် ဒီနေ့မနက်မှာတော့ ဆင်ဘိုမြို့နယ် သုံးမိုင်အကွာက စစ်ကောင်စီရဲ့ ခလရ-၁၄၁ တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သူက ဆိုပါတယ်။

ဒီနေ့မှာလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ရာနေရာတွေကို လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိမှာ တိုက်ပွဲတွေကြောင့် ဆင်ဘိုမြို့အနီးတစ်၀ိုက်က ဒေသခံငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ ကချင်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကစလို့ ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၃ ဦး သေဆုံးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org