ရွှေကူမြို့နယ် ရွာသုံးရွာကို စစ်ကောင်စီတပ် မီးထပ်ရှို့နေ
တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာက နေအိမ် တစ်ရာကျော်ကို စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့ပါတယ်။
-
RFA Burmese
2023-04-10 -
-
-
တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာက နေအိမ် တစ်ရာကျော်ကို ဧပြီ ၁၀ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်သားတွေ မီးရှို့နေတာလို့ မံခါးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“ မံနားရှို့တယ် စီသောင်ရှို့တယ် မံခါးရှို့တယ် အခုစီမော်ရှို့တယ်။ ဒီနေ့မနက်ရှို့တာက စီသောင်၊ မံခါးနဲ့ စီမော်။ ဒီနေ့ရှို့တဲ့ဟာက အိမ်ခြေတစ်ရာလောက်ပါမယ်။ မတ် ၂၃ ကနေစရင်တော့ အိမ်ခြေပေါင်း ၆၀၀ လောက်တော့ လောင်သွားပြီ။ စကစတွေလည်း ရွာမှာဆိုတော့ ကျနော်တို့လည်း စာရင်းအတိအကျသိရဖို့က ခက်နေဆဲပဲ”
ဧပြီ ၅ ရက်နေ့ကလည်း အိမ်ခြေနှစ်ရာဝန်းကျင်စီရှိတဲ့ စီသာနဲ့ မံနားရွာ နှစ်ရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ရွာလုံးကျွတ်နီးပါး နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၉ ရက် မနေ့ကလည်း မံခါးရွာဘက်ကို ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲသွားတယ်လို့ မံခါးရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
တိုက်ပွဲစဖြစ်ကတည်းက ရွှေကူအရှေ့ဘက်ခြမ်း စီမူလေး၊ စီမူကြီး၊ စီတောင်၊ မံဝိန်း၊ နန့်လန်၊ နောင်လက်ကြီး၊ ဝင်းဝ၊ စီသာ၊ မံနား၊ မံခါး အစရှိတဲ့ရွာ ၁၂ ရွာက ဒေသခံထောင်ချီ မြို့ပေါ်နဲ့ တောတောင်တွေဆီ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွှေကူကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့ဝင်တစ်ဦးကလည်း ဧပြီ ၁၀ ရက် ဒီနေ့မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့် စစ်ရေးတင်းမာနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
ရွှေကူမြို့နယ်အရှေ့ဘက်ခြမ်းမှာ မတ်လ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ် တပ်မ (၈၈) လက်အောက်ခံ ခလရ (၁၀)၊ ခလရ (၇၇)၊ ခလရ (၈၈) တို့ စစ်ကြောင်းထိုးဝင်လာတာ ဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ PDF ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတာပါ။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ရွှေကူဘက်မှာ စစ်ကောင်စီတပ်နဲ့ PDF၊ KIA ပူပေါင်းတပ်တွေ နေတိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။
“ အဲဘက်မှာ KIA နဲ့ ရွှေကူ PDF တွေ ပူးပေါင်းတဲ့ စစ်ကြောင်းပေါ့နော် စစ်ကောင်စီ စစ်ကြောင်းတွေက တော်တော်လည်း လှုပ်ရှားတာကို ကြားသိရပါတယ်။ တောထဲမှာလည်း ဝင်ပြီးတော့ လှုပ်ရှားနေကြရပါတယ်။ ဆိုတော့ အဲဒါကို ခုခံပြီးတော့တိုက်တဲ့ တိုက်ပွဲတွေဖြစ်ပါတယ်။ ဆိုတော့ ဘယ်လောက်ထိ တိုက်ပွဲ ပြင်းထန်လဲ ဆိုတော့ နေ့တိုင်း နေ့တိုင်းလိုဖြစ်သွားတာပေါ့။ လေကြောင်းပစ်လို့ နေအိမ်တွေ မီးလောင်တာလည်း ကြားရတယ်”
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ တိုက်ပွဲသတင်းတွေကို သူအနေနဲ့ မသိနိုင်ဘူးလို့ ပြောပါတယ်။
ဧပြီလ ၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ မြဝတီသတင်းစာမှာတော့ ရွှေကူမြို့နယ်အတွင်းမှာ တရားမဝင် မှောင်ခို လုပ်ငန်းလုပ်နေတဲ့ KIA နဲ့ PDF ကို မတ် ၂၃ ရက်နေ့ကစလို့ စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပေါင်း (၂၁) ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မတ်လကုန်ပိုင်းကစတင်ပြီး ရွှေကူမြို့နယ်သာမက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ် မြို့နယ်တွေဖြစ်တဲ့ အင်းတော်၊ ဗန်းမောက်၊ ကသာမြို့က ရွာတွေကိုလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတဲ့အပြင် လေကြောင်းနဲ့ပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။