စစ်ကြောင်းတွေကြောင့် ရွှေဘိုဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရ

ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ရွှေဘိုမြို့ခံတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာများမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဥ်။ Facebook/ ဗိုလ်မိကျောင်း ဓာတ်ပုံ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ကတည်းက စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်စီးနင်းနေတာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ရွှေဘိုမြို့ခံတွေက မတ် ၁ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အင်အား ရှစ်ဆယ်နီးပါးပါတဲ့ စစ်ကြောင်းဟာ နှမစားရစ်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် တစ်ရာနီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းတွေကြောင့် ဇီးဖြူကုန်းရွာနဲ့ နှမစားရစ်ရွာက ဒေသခံတွေ ထွက်ပြေးနေရပြီး တောင်ယာတွေထဲမှာ တိမ်းရှောင်နေရတယ်လို့ ရွှေဘိုက စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

“နှစ်ရွာလုံးက ထွက်ပြေးနေရတာပေါ့။ စစ်ကြောင်းက ရွှေဘို လေ့ကျင့်ရေး-၈ ကနေ တက်လာတဲ့စစ်ကြောင်းပေါ့။ အခုက ဇီးဖြူကုန်းပတ်လည်မှာ စစ်ကြောင်း ရှိနေသေးတယ်။ အိမ်ကိုတော့ ဘယ်သူမှ မပြန်ရဲကြသေးပါဘူး”

ဒါ့အပြင် နှမစားရစ်ကျေးရွာက အသက် ၉၀ အရွယ် ဒေါ်နွဲ့ကြည်နဲ့ အသက် ၅၀ အရွယ် ဦးအောင်ကိုတို့ကိုလည်း ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာပဲ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

လတ်တလောမှာတော့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာမရှိဘဲ စစ်ရေးအခြေအနေကို အပြန်အလှန်စောင့်ကြည့်နေပြီး စစ်ကောင်စီတပ်က ဒေသခံတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org