ရှားတောက နယ်စပ်စခန်းနှစ်ခုကို စစ်ကောင်စီတပ်တွေ စွန့်ခွာသွားကြောင်း KA တာဝန်ရှိသူတွေပြော
စစ်ကောင်စီတပ်စခန်းနှစ်ခုဆုတ်သွားတာကြောင့် ရှားတောမှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က RFA ကို ပြောပါတယ်။
-
RFA Burmese
2024-02-17 -
-
-
ကယားပြည်နယ် (ကရင်နီပြည်) ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အထိုင်စခန်းနှစ်ခုက စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားပြီး ရှားတောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေမရှိတော့ဘူးလို့ ကရင်နီတပ်မတော် (KA ) တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်စခန်းနှစ်ခုဆုတ်သွားတာကြောင့် ရှားတောမှာ စစ်ကောင်စီတပ်တွေ မရှိတော့ဘူးလို့ ကရင်နီတပ်မတော် (KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က RFA ကို ပြောပါတယ်။
"မရှိတော့ပါဘူး၊ အကုန်လုံးပြန်ဆုတ်သွားပြီ၊ ကျွန်တော်တို့ စခန်းသွားရှင်းပြီးသွားပြီ၊ ဘာမှမရှိတော့ပါဘူး၊ သူတို့ဆုတ်သွားတယ်ဆိုတာ အတည်ပြုလို့ရပါတယ်၊ ရှားတောမှာ ကျန်တဲ့တပ်လည်းမရှိတော့ဘူး၊ အကုန်ပြေးသွားကုန်ပြီ၊ အကုန်လုံးငြိမ်သွားပြီ၊ အေးဆေးဖြစ်သွားပါပြီ"
စစ်ကောင်စီရဲ့ ရှေ့တန်းအထိုင်စခန်းတွေဖြစ်တဲ့ ဟွေအွန်တပ်စခန်းနဲ့ ကျားပါးစပ်ကြီး တပ်စခန်းတွေက စစ်ကောင်စီတပ်သားတွေဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဆုတ်ခွာသွားတာလို့လည်း ဆိုပါတယ်။
ဟွေပုန်းလောင်းဒေသက ကျားပါးစပ်ကြီးစခန်းနဲ့ နန့်ပန်ချောင်းဘေးမှာရှိတဲ့ ဟွေအွန်တပ်စခန်းတွေက စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကနေ (၁၃) ရက်နေ့ထိ ရဟတ်ယဥ်တွေနဲ့ လာခေါ်သွားတယ်လို့လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ (၁၄)ရက်နေ့က ဟွေအွန်စခန်းနေရာကို KNDF ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ပြီး စခန်းမှာရှိတဲ့ ဆန်အိတ်အချို့နဲ့ ခဲယမ်းအချို့သိမ်းဆည်းခဲ့သလို ကျားပါးစပ်ကြီးစခန်းကိုလည်း ကရင်နီတပ်မတော် (KA ) က ဝင်ရောက်ပြီး ရှင်းလင်းရေးလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီစခန်းနှစ်ခုကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာထားခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ရှားတောမြို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်လိုက်ပြီလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) က ကြေညာထားပါတယ်။