ရှားတောမှာ ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေးသုံးဦးနဲ့ အမျိုးသမီးသုံးဦး သတ်ခံရ

RFA Burmese
2024.02.07
ရှားတောမှာ ကိုယ်ဝန်ဆောင်သည်အပါအဝင် ကလေးသုံးဦးနဲ့ အမျိုးသမီးသုံးဦး သတ်ခံရ ကရင်နီပြည်(ကယားပြည်နယ်) ရှားတောမြို့နယ်ရှိ တောတောင်တွေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ရစဥ်။
CTER-Karenni

ကရင်နီပြည် (ကယားပြည်နယ်)၊ ရှားတောမြို့နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် အမျိုးသမီးသုံးဦးနဲ့ ကလေးသုံးဦးကို ဖေဖော်ဝါရီလ ၅ ရက်နေ့က စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တာဝန်ရှိသူတွေက ပြောပါတယ်။

ရှားတောမှာ စစ်ဘေးဒုက္ခသည် ကလေးတွေနဲ့ အမျိုးသမီးတွေ အသတ်ခံရတယ်လို့ သိရကြောင်း IEC အတွင်းရေးမှူး (၁) မဇူးပဒုမ္မာက RFA ကို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၅ ရက်နေ့က ရှားတောမှာဖြစ်သွားတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်၊ အမျိုးသမီးသုံးဦး၊ ကလေးသုံးဦးပေါ့နော်၊ စုစုပေါင်းခြောက်ယောက် အသတ်ခံရတဲ့ ကိစ္စဖြစ်ပါတယ်၊ အသတ်ခံရတဲ့ အမျိုးသမီးတစ်ဦးက ကိုယ်ဝန်ဆောင်သည်ဆိုတာလည်း ကြားသိရတယ်၊ အသတ်ခံရတဲ့ ကလေးကလည်း အရမ်းငယ်သေးတယ်၊ ဒီလိုဖြစ်စဉ် ရှားတောမှာ ဖြစ်သွားတယ်၊ သူတို့က စစ်ရှောင်တဲ့ ပြည်သူတွေဖြစ်တယ်၊ နောက် သူတို့ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်လို့ နားလည်လို့ရပါတယ်"

ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ကလေးနဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးအပါအဝင် ခုနစ်ဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ထဲက ခြောက်ဦးအသတ်ခံရပြီး အမျိုးသားတစ်ယောက်ကတော့ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်အခြေစိုက် ကန္တာရဝတီတိုင်းသတင်းဌာနကလည်း စစ်ဘေးဒုက္ခသည်ခြောက်ဦးကို စစ်ကောင်စီက ပစ်သတ်သွားကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖော်ပြထားပါတယ်။

စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီကို ပြည်တွင်း၊ ပြည်ပ တရားခုံရုံးတွေမှာ အပြစ်ပေးအရေးယူနိုင်အောင် ဆောင်ရွက်နေတယ်လို့ မဇူးပဒုမ္မာက ပြောပါတယ်။

နိုင်ငံတကာကလည်း စစ်ကောင်စီကို လေယာဉ်ဆီရောင်းချတာတွေမလုပ်ဖို့နဲ့ စစ်ကောင်စီနဲ့ ပူးတွဲဆောင်ရွက်တာတွေမလုပ်ဖို့၊ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုတာတွေရပ်ဖို့ တောင်းဆိုနေတယ်လို့လည်း ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက သတ်ဖြတ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဖေဖော်ဝါရီ ၅ ရက်နေ့က ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း၊ ဒေါဆီအီရွာက စာသင်ကျောင်းတစ်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ် လေးဦး သေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ မိုဆိုရွာအနီးမှာ အရပ်သား ၄၅ ဦး အပါအဝင် လူငါးဆယ်နီးပါး အစုလိုက်သတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းက အရပ်သား (၄၄၈၅) ဦး သတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။