ရှမ်းပြည်တိုက်ပွဲနယ်မြေ အလောင်းတွေ တွေ့ရှိ
တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့နယ်က ပန်လော့နဲ့ ဝိုးလုံရွာတွေမှာ မီးရှိုးခံထားရတဲ့ အလောင်း ၈လောင်းကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြောပါတယ်။
-
2016-05-21 -
-
-
တိုက်ပွဲဖြစ်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်က ပန်လော့နဲ့ ဝိုးလုံရွာတွေမှာ မီးရှိုးခံထားရတဲ့ အလောင်း ၈လောင်းကို တွေ့ရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က ပြော ပါတယ်။
မီးရှို့ခံထားရတဲ့ အလောင်းတွေကို ကိုယ်တိုင်တေ့ွရှိခဲ့တဲ့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်း က အဲ့ဒီမီးလောင်ကျွမ်းနေတဲ့ အလောင်းတွေဟာ ရွာသားလား စစ်သားတွေလားဆိုတာ မသိနိုင်ဘူးလို့ ပြောပါတယ်။
" မီးရှို့ခံထားရတာက ကျနော်တို့တွေ့တာ ဝိုးလုံရွာမှာ နှစ်လောင်းက တစ်နေရာ၊ နောက်တစ်လောင်းက တစ်နေရာဆိုတော့ ကျနော်တို့ ၃ လောင်းတွေ့ခဲ့တယ်ဗျ၊ ပန်လော့ရွာမှာလည်း လူသေလောင်းတွေ့ထားတယ်၊ အဲ့ဒါလည်း မီးရှို့ထားတာပဲ၊ ဖြစ်သလိုရှို့သွားတော့ အရိုးတွေ၊ အသားတွေကျန်နေသေးတာကို ကျနော်တို့ တွေ့ရတယ်၊ ဒါကတော့ မနေ့ကတွေ့ရတဲ့အခြေအနေပေါ့နော်၊ ရွာသားလား၊ စစ်လားဆိုတာတော့ ကျနော်တို့ သေချာမသိရသေးဘူး၊ ဘာလို့လဲဆိုတော့ ကျနော်တို့ အရိုးတွေပဲ ကျန်တာကိုး"
ပန်လော့ရွာမှာ အလောင်း ၃ လောင်း ၊ ဝိုးလုံရွာအပြင်မှာ ၂ လောင်း နဲ့ ဝိုးလုံရွာထဲမှာ ၃ လောင်းတွေ့ရှိတာဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အတူ RFA နယ်မြေခံ သတင်းထောက်လည်း လိုက်ပါသွားတာဖြစ် ပြီး တွေ့ရှိချက်ကို မှတ်တမ်းတင်ခဲ့ပါတယ်။
ကျေးရွာသားတွေကလည်း အလောင်းကို အတိအကျ မည်သူမည်ဝါဆိုတာ မပြောနိုင်ကြောင်း ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့လောက်က စတင်ဖြစ်ပွားခဲ့တဲ့ အစိုးရတပ်မတော် နဲ့ SSPP/SSA တို့ တိုက်ပွဲတွေကြောင့် ပန်လော့၊ ဝိုးလုံ၊ အက်ကြီး၊ နမ့်ဖ စတဲ့ရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။ ထိခိုက်ပျက်စီးမှု အများဆုံးက ဝိုးလုံရွာဖြစ်ပြီး နေအိမ်ဖျက်ဆီးခံရတာတွေ မီးရှို့ခံရတာတွေ တေ့ွရှိခဲ့ရတယ်လို့ ဦးစိုင်းထွန်းဝင်းက ပြောပါတယ်။ ဝိုးလုံရွာက ဒေသခံ ၁၂၀ ကျော်ဟာ ကျောက်မဲမြို့နယ် ပန်ကင်ကျေးရွာမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။