သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံကို စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်
"စစ်တပ်ဟာ တာလီဘန်တွေ အစွန်းရောက်သမားတွေကို သွားအားကျနေတယ်။ ဘာသာရေးအစွန်းရောက် အတွေးအခေါ်တွေကို တစ်ပုံစံတည်း မြန်မာပြည်မှာ ကျင့်သုံးဖို့ ကြိုးစားနေတယ်။ အမျိုးသမီးတွေကိုဆိုလည်း ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး ထိန်းချုပ်ချင်နေတယ်" လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။
- 2022-08-05
-
-
-
လိင်အဖော်အချွတ် ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ကူးသရုပ်ဆောင်လေ့ရှိတဲ့ မော်ဒယ်သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ကို ညစ်ညမ်းဓာတ်ပုံနဲ့ ဗီဒီယိုတွေ လူမှုကွန်ရက်မှာ လွှင့်တင်ခဲ့တဲ့အတွက် အီလက်ထရွန်နစ် ဥပဒေနဲ့ ဖမ်းဆီး အရေးယူထားတယ်လို့ စစ်ကောင်စီက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သူတို့နှစ်ဦးဟာ အခကြေးငွေရယူပြီး အင်တာနက် အွန်လိုင်းစာမျက်နှာပေါ်မှာ လိင်အသားပေးပုံတွေ ဖြန့်ဝေခဲ့ပြီး ဒီလိုဖြန့်ချိတာဟာ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေခဲ့တယ်လို့လည်း စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မသဉ္ဇာရွန်းလဲ့ရည်ကတော့ "သင်ဇာဝင့်ကျော်တို့ဆိုတာ တော်လှန်ရေးထဲမှာ တခြားသူတွေလို ထဲထဲဝင်ဝင်လုပ်နေသူတွေ မဟုတ်ပေမယ့် စစ်ကောင်စီဟာ ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူး။ သူတို့ရဲ့ အယူဝါဒနဲ့ မကိုက်ညီရင် အချိန်မရွေး ဘယ်သူ့ကိုမဆို အာဏာပြ ဖမ်းဆီးအရေးယူနိုင်တယ်ဆိုတာ ပြလိုက်တာ။ အာဏာသိမ်းထားသမျှ ဘယ်သူမှ မလွတ်မြောက်ဘူး" လို့ RFA ကိုပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လူငယ်တွေရဲ့ အတွေးအခေါ်တွေကို ထိန်းချုပ်ချင်နေပြီး အမျိုးသမီးတွေကိုလည်း ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး အမိန့်ပေး အုပ်ချုပ်ချင်နေတယ်လို့ သူက ဆိုပါတယ်။
"Sexy မော်ဒယ်တွေကို ဖမ်းတာဟာ အရင်ကတည်းက သွတ်သွင်းလာတဲ့ စစ်တပ်ရဲ့ အတွေးအခေါ်၊ ၂၁ ရာစု လူငယ်တွေ ပွင့်လင်းလွတ်လပ် အမြင်တွေ ပြောင်းလာတာကို မကျေနပ်ဘူး။ သူတို့က ဖိနှိပ်ချင်တာ၊ ရုပ်ပိုင်းဆိုင်ရာရော၊ အတွေးအခေါ်ရော၊ Sexy Model ဆိုတာ ကိုယ့်ဆုံးဖြတ်နဲ့ ကိုယ်လုပ်တာ ဒါကို သူတို့က အမျိုးသမီးတွေကို ထိန်းချုပ်ချင်တာ၊ သူတို့ဟာ တာလီဘန်တွေ အစွန်းရောက်သမားတွေကို သွားအားကျနေတယ်။ ဘာသာရေးအစွန်းရောက် အတွေးအခေါ်တွေကို တစ်ပုံစံတည်း မြန်မာပြည်မှာ ကျင့်သုံးဖို့ ကြိုးစားနေတယ်။ အမျိုးသမီးတွေကိုဆိုလည်း ဘယ်လိုနေ ဘယ်လိုထိုင်ဆိုပြီး ထိန်းချုပ်ချင်နေတယ်"
သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်နိုင်တဲ့ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၃-က နဲ့ အမှုဖွင့်ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်ကတည်းက သင်ဇာဝင့်ကျော်နဲ့ နန်းမွေစံတို့ဟာ လိင်အသားပေး မော်ဒယ်လုပ်ငန်း လုပ်ကိုင်သူတွေအဖြစ် လူသိများသူတွေဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ကိုသွားရောက်ခဲ့တာကြောင့် စစ်ကောင်စီက ဖမ်းဆီးတာ ခံခဲ့ရပါတယ်။