တစ်ပတ်အတွင်း မြို့သုံးမြို့နဲ့ တပ်စခန်း ၁၁ ခု စစ်ကောင်စီလက်လွှတ်ဆုံးရှုံး
မြို့သုံးမြို့နဲ့ တပ်စခန်း ၁၁ ခုကို တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အဲဒီနေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီလို့ BACS က မေလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-05-28 -
-
-
မြို့သုံးမြို့နဲ့ တပ်စခန်း ၁၁ ခုကို မေလ ၁၈ ရက်ကနေ ၂၄ ရက်အထိ တစ်ပတ်အတွင်းမှာပဲ စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အဲဒီနေရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားနိုင်ပြီလို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study (BACS) က မေလ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အခုတစ်ပတ်အတွင်း ထိန်းချုပ်ထားနိုင်တဲ့မြို့တွေကတော့ ချင်းပြည်နယ် တွန်းဇံနဲ့ ကျီခါးမြို့၊ ရခိုင်ပြည်နယ်က ဘူးသီးတောင်မြို့တို့ဖြစ်ပါတယ်။
စစ်ကောင်စီတပ်စခန်း အများဆုံးသိမ်းပိုက်ခံရတာကတော့ ရခိုင်ပြည်နယ်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ကချင်ပြည်နယ်က တပ်စခန်းတွေ သိမ်းပိုက်ခံရတာလို့ ဆိုပါတယ်။
ဒါဟာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ များပြားလာတာဖြစ်ပြီး ရခိုင်၊ ချင်းနဲ့ ကချင်ပြည်တွေမှာ ပိုပြီးအားကောင်းလာတယ်လို့လည်း BACS က ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ မြို့တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အရှိန်ကောင်းလာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြည်နယ်အလိုက် သိမ်းပိုက်မှုတွေက အပြီးတိုင် ဆောင်ရွက်မယ့်အခြေအနေရှိတယ်လို့ RFA ကို ပြောပါတယ်။
“KIA အနေနဲ့ မြစ်ကြီးနားနဲ့ ဗန်းမော်ကို ဝိုင်းပတ်ထားတယ်။ ရခိုင်မှာလည်း စစ်တွေနဲ့ အမ်းကို အပြီးတိုင် သိမ်းပိုက်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ရခိုင်တိုက်ပွဲတွေက သံတွဲအထိ ရောက်နေတဲ့အတွက် ပြည်နယ်လွတ်မြောက်ရေးအတွက် ပြီးစီးခါနီး အခြေအနေရောက်ပြီလို့ မျှော်လင့်ရပါတယ်”
ဒီတစ်ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲ အကြိမ်တစ်ရာကျော်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ကချင်၊ ရခိုင်၊ ချင်းနဲ့ နောက်ထပ် ဒေသငါးခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြို့သိမ်းတိုက်ပွဲတွေအပါအဝင် တပ်စခန်းတွေ သိမ်းဆည်းခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အရပ်သားသတ်ဖြတ်ခံရမှုတွေလည်း တိုးလာနေပြီး ဒီတစ်ပတ်အတွင်းမှာပဲ ကလေးငယ် လေးဦးအပါအဝင် အရပ်သား ၄၆ ဦးသေဆုံးခဲ့တယ်လို့ BACS က ပြောထားပါတယ်။