ထိုးစစ်ကြောင့် ဆားလင်းကြီး ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေး

ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာရှစ်ရွာက အရပ်သား ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသည့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ဒေသခံများကို ၂၀၂၃ ခုနှစ် မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ ပြည်သူမှ ပြည်သူသို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က မတ်လ ၁၃ ရက် မနက် ၉ နာရီဝန်းကျင်ကစလို့ ထိုးစစ်ဆင်နေတာကြောင့် ကျေးရွာရှစ်ရွာက အရပ်သား ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
 
ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်းတော၊ သိမ်တော်၊ နှင်းတော ၊ ထန်းတောကြီး၊ ရုံးပင်ရိုးနဲ့ အောင်ချမ်းစီ ရွာတွေက ဒေသခံတွေထွက်ပြေးနေရတာပါ။
 
စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တာကြောင့် ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ အကုန်ပြေးရတာဗျ။ သူတို့က တစ်နေကုန် လက်နက်ကြီးတွေနဲ့ထုတယ်။ စက်သေနတ်တွေနဲ့ပစ်တယ်။ ဗုံးတွေပစ်တယ်ဆိုတော့ ဘယ်သူမှနေရဲကြဘူး အကုန်ပြေးရတာ။”
 
နီးစပ်ရာရွာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဘယ်သူမှ ရွာမပြန်နိုင်သေးဘူးလို့ သူက ပြောပါတယ်။
 
စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လက်ခံဖြေဆိုတာ မရှိပါဘူး။
 
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး(UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းအတွင်း အရပ်သား ခုနစ်သိန်းခွဲ ဝန်းကျင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org