စစ်ကောင်စီသင်္ကြန်ပွဲတော်ကို သပိတ်မှောက်ဖို့ ဒီမိုကရေစီအင်အားစုတွေ တိုက်တွန်း

အရင်နှစ်တွေကလိုပဲ ပြည်သူတွေက စစ်တပ်အောက်မှာ သွေးမအေးဘူးဆိုတာပြဖို့ တော်လှန်သင်္ကြန်ကိုပဲ ဆင်နွှဲကြမယ်လို့ ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကို ဆန့်ကျင်ကြောင်း အတာသပိတ်ပြုလုပ်ခဲ့သည့်မြင်ကွင်း။ AFP/Anonymous source

(Edited at 6:53 pm March 5, 2023) 

နှစ်သစ်ကူးကာလ စစ်ကောင်စီကပြုလုပ်မယ့် အပျော်သင်္ကြန်မှာ ပြီးခဲ့တဲ့နှစ်တွေလိုပဲ ပြည်သူတွေ မပါဝင်ကြဖို့၊ စစ်တပ်ထုတ်ကုန်တွေကို မသုံးကြဖို့ စစ်ကောင်စီကိုဆန့်ကျင်တဲ့အဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ဒေသတွေမှာ အစွမ်းကုန်ကြမ်းပြ ရမ်းပြနေတာတွေလည်းတွေ့ရတယ်။ လူတွေကို ခေါင်းဖြတ်တာ၊ မြင်ရက်စရာ မရှိအောင် ခုတ်ထစ်သတ်ဖြတ်တာမျိုးတွေ လုပ်လာတာလည်း တွေ့ရတဲ့အတွက် သူတို့ရဲ့ သင်္ကြန်ကို စည်ကားအောင်လုပ်တဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက Feeling ရှိမယ်မထင်ဘူး။ 

စစ်ကောင်စီဟာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ စိတ်ဓာတ်ကျအောင်၊ PDFနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စိတ်ဓာတ်ကျအောင်၊ အခက်အခဲမျိုးစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ CDM တွေ တော်လှန်ရေးအပေါ်စိတ်ပျက်အောင်၊ မီးဘေးသင့်ပြည်သူတွေ ဝမ်းနည်းအောင် ပျော်ပွဲရွှင်ပွဲမျိုးစုံကို ဖန်တီးနေတာဖြစ်ပြီး ဒီပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ဖို့လိုတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး-ရန်ကုန်အင်အားစုက ကိုနန်းလင်းကပြောပါတယ်။

“ ဒီနှစ်ကတော်လှန်သင်္ကြန်ကာလဖြစ်တယ်ဆိုတာ လူထုကိုလှုံဆော်မယ်။ စစ်ကောင်စီရဲ့မဏ္ဍပ်တွေကို မသွားဖို့ တိုက်တွန်းမယ်။ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို သပိတ်မှောက်ဖို့ တောင်းဆိုမယ်။ စစ်တပ်ထုတ်ကုန်တွေကို မသုံးစွဲဖို့ လှုံဆော်မယ်။ ခရီးသွားကြတဲ့အခါ စစ်တပ်အကျိုးပြုနေတဲ့ ဟိုတည်တွေ၊ ကားလိုင်းတွေကို သပိတ်မှောက်ကြဖို့ ကျွန်တော်တို့မေတ္တာရပ်ခံမယ်။” လို့ သူက ပြောပါတယ်။

(၂၀၂၀ ခုနှစ်အစောပိုင်း ရန်ကုန်မြို့ပြည်လမ်းမပေါ်က သင်္ကြန်ပွဲတော်နဲ့ ကပ်ရောဂါဖြစ်ပြီးနောက် သင်္ကြန်မြင်ကွင်း။ Photo:AFP)

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ပြည်သူတွေဟာ တစ်နိုင်ငံလုံးမှာ ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် သင်္ကြန်ပွဲကို မဆင်နွှဲခဲ့ဘဲ အာဏာသိမ်းပြီးနောက် မှာလည်း သင်္ကြန်အပါအဝင် စစ်ကောင်စီရဲ့ပျော်ပွဲရွှင်ပွဲတွေကို တိတ်ဆိတ်မှုနဲ့ ဆန့်ကျင်နေကြတာဖြစ်ပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ သင်္ကြန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒီနှစ်သင်္ကြန်အတွက် စစ်ကောင်စီက ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မြို့တော်ဝန်မဏ္ဍပ်အပါအဝင်၊ မဏ္ဍပ်တွေကို ဆောက်လုပ်နေပါတယ်။

အသက် ၃၅ နှစ် ရန်ကုန်မြို့ခံတစ်ဦးက သွေးမအေးဘူးဆိုတာပြဖို့ စစ်တပ်ရဲ့ဟန်ပြသင်္ကြန်မှာ ပါဝင်ဖို့မရှိကြောင်းနဲ့ ပြည်သူအားလုံးလည်း တော်လှန်သင်္ကြန်ကိုသာ ဆင်နွှဲမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

“စစ်ကောင်စီက သူတို့လက်ထက်မှာ ပြည်သူတွေပျော်နေတယ်ဆိုတာမျိုးဖြစ်အောင်၊ သင်္ကြန်မှာပြည်သူတွေ အများကြီးဆင်နွှဲ တယ်ဆိုတာမျိုးဖြစ်အောင် စီစဉ်နေတယ်။ ရန်ကုန်မှာဆိုမြို့တော်ဝန်မဏ္ဍပ်ကိုဆောက်နေပြီ။ တစ်နိုင်ငံလုံးမှာဆိုရင် စစ်တပ်ထောက်ခံတဲ့အနုပညာရှင်တွေကို ငှားတာတွေရှိနေတယ်။ တစ်ဖက်မှာလည်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ စစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ဒေသတွေမှာ အစွမ်းကုန်ကြမ်းပြ ရမ်းပြနေတာတွေလည်းတွေ့ရတယ်။ လူတွေကို ခေါင်းဖြတ်တာ၊ မြင်ရက်စရာ မရှိအောင် ခုတ်ထစ်သတ်ဖြတ်တာမျိုးတွေ လုပ်လာတာလည်း တွေ့ရတဲ့အတွက် သူတို့ရဲ့ သင်္ကြန်ကို စည်ကားအောင်လုပ်တဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက Feeling ရှိမယ်မထင်ဘူး။ အရင်နှစ်တွေကလိုပဲ ပြည်သူတွေက စစ်တပ်အောက်မှာ သွေးမအေးဘူးဆိုတာ ပြဖို့ တော်လှန်သင်္ကြန်ကိုပဲ ဆင်နွှဲကြမယ်လို့ ယုံကြည်ပါတယ်။ တစ်ဦးတည်းအနေနဲ့လည်း စစ်တပ်က အာဏာသိမ်းတာ နှစ်နှစ်ရှိပေမယ့်လို့ သူတို့ လက်အောက်မှာ သွေးမအေးဘူးဆိုတာပြဖို့ ဟန်ပြသင်္ကြန်ကိုလည်း ဆင်နွှဲဖို့မရှိပါဘူး။”

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က စစ်ကောင်စီရဲ့ သင်္ကြန်ပွဲတော်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ မြန်မာပြည်သူများ။ (Photo AFP/ anonymous source)

စစ်ကောင်စီကိုဆန့်ကျင်တဲ့အင်အားစုတွေဘက်က သင်္ကြန်ကာလအတွင်း စစ်တပ်နဲ့ဆက်နွယ်ပတ်သက်နေတဲ့ ကုန်ပစ္စည်းတွေ၊ ခရီးသည်တင်ယာဉ်လိုင်းတွေနဲ့ ဟိုတယ်တွေကို အသုံးမပြုဖို့ တိုက်တွန်းထားပါတယ်။

သပိတ်မှောက်ဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး-ရန်ကုန်အင်အားစုက တိုက်တွန်းထားတဲ့ ထုတ်ကုန်တွေထဲမှာ Andaman Gold ၊ ဒဂုန်၊ မန္တလေး၊ Black Shield ၊ Myanmar အစရှိတဲ့ ဘီယာတွေ၊ Alpine ရေသန့်၊ Red Ruby ၊ Premium Gold စီးကရက် ထုတ်ကုန်တွေ ပါဝင်ပါတယ်။ Alpine ရေသန့်ထုတ်လုပ်တဲ့ လွယ်ဟိန်းကုမ္ပဏီလီမိတက်ကတော့ Alpine အမှတ်တံဆိပ် ထုတ်ကုန်ပစ္စည်းတွေဟာ မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်မှု မရှိဘူးလို့ RFA ကို ပြောပါတယ်။

ဒါ့အပြင် ရှမ်းမလေး၊ ရွှေမန်းသူ၊ ပုသိမ်သူ၊ သန်မြန်သူ အစရှိတဲ့ ယာဥ်လိုင်းတွေနဲ့ BOC ၊ Denko ၊ ရွှေဗျိုင်းဖြူ အစရှိတဲ့ ဆီဆိုင်တွေကိုလည်း သပိတ်မှောက်စာရင်းမှာ ထည့်သွင်းဖို့ ပြောထားပါတယ်။

ဟိုတယ်တွေအနေနဲ့ Azura Beach Hotel (ချောင်းသာ)၊ Pullman Hotel (မန္တလေး)၊ Lotte Hotel (ရန်ကုန်)၊ Excel Treasure Hotel (ချောင်းသာ၊ ငွေဆောင်)၊ Hotel Ace (ချောင်းသာ)၊ Aureum Palace Hotels & Resorts (ပုဂံ၊ အင်းလေး၊ နေပြည်တော်၊ ငပလီ၊ ငွေဆောင်၊ ပြင်ဦးလွင်)၊ Amazing Hotels & Resorts (ချောင်းသာ၊ ငွေဆောင်၊ ငပလီ)၊ Malikha Lodge (ပူတာအို)၊ စိမ်းလဲ့တင် (ကျိုက်ထို) အစရှိတဲ့ ဟိုတယ်တွေမှာလည်း မတည်းခိုဖို့ တိုက်တွန်းထားပါတယ်။

(မှတ်ချက်။ Alpine ရေသန့်ထုတ်လုပ်သည့် လွယ်ဟိန်းကုမ္ပဏီလီမိတက်၏ ‌တုံ့ပြန်ချက်ကို ဖြည့်စွက်ပြီး ပြင်ဆင်ရေးသားထားပါသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org