လူအင်အား လေးသောင်းကျော် သုံးပြီး စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်နေ
နိုင်ငံတစ်ဝန်းမှာ လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြုပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2024-10-02 -
-
-
အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ လူအင်အား လေးသောင်းနှစ်ထောင်ခန့် အသုံးပြုပြီး သန်းခေါင်စာရင်းကောက်ယူနေတယ်လို့ အောက်တိုဘာလ ၂ ရက်နေ့မှာ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူတာကို နိုင်ငံတစ်ဝန်းမှာ စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၂,၀၀၀) ခန့်နဲ့ ကောက်ယူနေတာဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာ စာရင်းစစ်၊ စာရင်းကောက် (၂၃) ဦး၊ ကချင်ပြည်နယ်မှာ (၈၀၀) ဦး၊ စစ်ကိုင်းတိုင်းက မြို့နယ် ၂၇ မြို့နယ်မှာ (၁,၀၂၆) ဦး၊ တနင်္သာရီတိုင်းမှာ (၁,၀၄၅) ဦး၊ ပဲခူးတိုင်းမှာ (၄,၂၅၉) ဦး၊ မွန်ပြည်နယ်မှာ (၁,၂၀၂) ဦး၊ ရန်ကုန်တိုင်းမှာ (၇,၀၇၇) ဦး၊ ရှမ်းပြည်နယ်မှာ (၂,၉၀၉) ဦး၊ ဧရာဝတီတိုင်းမှာ (၅,၄၇၈) ဦးနဲ့ သန်းခေါင်စာရင်း ကောက်ယူနေတာလို့ ဆိုပါတယ်။
ဒီစာရင်းတွေထဲမှာ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်(ကရင်နီ)၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း စတဲ့နေရာတွေက စာရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိပါဘူး။
သန်းခေါင်စာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း (၆၈) ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း (၁၈) ကို မေးမြန်းကောက်ယူနေတာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းကို ဒီဇင်ဘာလကုန်မှာ ထုတ်ပြန်သွားမယ်လို့လည်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူတာကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ကန့်ကွက်ထားပြီး သန်းခေါင်စာရင်း ကောက်ယူရာမှာ ပါဝင်သူတွေကို အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
သန်းခေါင်စာရင်းစကောက်တဲ့ အောက်တိုဘာ ၁ ရက်နေ့မှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေ ချင်းပြည်နယ် ဟားခါးမြို့ထဲရပ်ကွက်တချို့မှာ သန်းခေါင်စာရင်း ကောက်ယူနေချိန် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောထားပါတယ်။