ရုရှားမှ MiG-29 တိုက်လေယာဉ်သစ် ၂၀ မြန်မာစစ်အစိုးရ ဝယ်ယူထား

မြန်မာစစ်အစိုးရဟာ ရုရှားနိုင်ငံက အသစ် မှာယူထားတဲ့ MiG-29 အမျိုးအစား တိုက်လေယာဉ်တွေကို အခု မတ်လအတွင်း စတင် လက်ခံရရှိမယ်လို့ ဗြိတိန်နိုင်ငံထုတ် Flight International နိုင်ငံတကာ လေကြောင်း သတင်းစာစောင်က ရေးသားဖော်ပြလိုက်ပါတယ်။

ရုရှားနိုင်ငံလုပ် MIG-29 ဂျက်တိုက်လေယာဉ်တစင်း၏ ၁၉၉၀ ခုနှစ်က ရိုက်ကူးထားသော မှတ်တမ်း ဓာတ်ပုံဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)
အမေရိကန်ဒေါ်လာ ၅၅၃ သန်း တန်ဖိုးရှိတဲ့ MiG-29 တိုက်လေယာဉ် အစင်း ၂၀ ကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ကတည်းက မှာယူထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အမျိုးအစား သုံးမျိုး မှာယူထားပြီး၊ အဲဒီထဲမှာ MiG-29-B အမျိုးအစား ၁၀ စင်း၊ MiG-29-SE အမျိုးအစား တယောက်ထိုင် တိုက်လေယာဉ် ၆ စင်း၊ MiG-29-UB အမျိုးအစား နှစ်ခုံတွဲ လေ့ကျင့်သင်ကြားရေးသုံး တိုက်လေယာဉ်က ၄ စင်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်အစိုးရက အရင်က MiG-29 အမျိုးအစား တိုက်လေယာဉ် အဟောင်းတွေကို ဘယ်လာရုစ် နိုင်ငံကနေ ဝယ်ယူခဲ့ဖူးပေမဲ့ စက်ပိုင်းဆိုင်ရာ ပြနာတွေ၊ အပိုပစ္စည်း အခက်အခဲတွေကြောင့် ရုရှနိုင်ငံကနေ ပြောင်းလဲ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

ရုရှာအစိုးရပိုင် ကာကွယ်ရေးသုံး ပစ္စည်း ထုတ်လုပ်တင်ပို့တဲ့ Rosoboronexport ကုမ္ပဏီကလည်း လိုအပ်တဲ့ လက်နက်တွေ၊ အပိုပစ္စည်းတွေနဲ့ သင်တန်း အကူအညီတွေ ပေးအပ်ခဲ့တဲ့အပြင် လေတပ် အခြေစိုက် စခန်းတခုအတွက် ထောက်ကူကိရိယာပါ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရ လေတပ်မှာ အခုလောလောဆယ် MiG-29 အမျိုးအစား တိုက်လေယာဉ် ၁၂ စင်း ရှိပြီး၊ ရုရှားက နောက်ထပ် ရောက်ရှိလာမဲ့ အရေအတွက်နဲ့ပါ ဆိုရင် စုစုပေါင်း ၃၂ စင်း ရှိလာတော့မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org