ရုရှားနဲ့ မြန်မာ ကုန်သွယ်မှု နှစ်ဆယ့်ငါးဆကျော်တိုးလာ

၂ဝ၂ဝ-၂ဝ၂၁ ခုနှစ်က ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅.၇ သန်းပဲရှိခဲ့ရာက ၂၀၂၃ မှာ အမေရိကန်ဒေါ်လာ သန်းလေးရာအထိ တိုးလာတာလို့ Russia Briefing သတင်းက ဖော်ပြပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဘရော့ဗ်တို့ ၂၀၂၃ စက်တင်ဘာ ၁၄ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ Pool via REUTERS

ရုရှားနဲ့ မြန်မာနိုင်ငံကြား ကုန်သွယ်မှုဟာ ၂၀၂၁ ခုနှစ်ကထက် ၂၀၂၃ ခုနှစ်မှာ နှစ်ဆယ့်ငါးဆကျော်တိုးလားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်က ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၇ သန်းပဲရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ အမေရိကန် ဒေါ်လာ သန်းလေးရာအထိ တိုးလာတာလို့ Russia Briefing သတင်းဌာနက အောက်တိုဘာ ၁ ရက်နေ့က ရေးတဲ့ ဆောင်းပါးမှာ ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၂၈၀ ကျော်ရှိပြီး မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကိုပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၁၅၀ နီးပါး ရှိတယ်လို့ ပြောပါတယ်။ ဒီနှစ် ၂၀၂၃ ပထမ ခြောက်လအတွင်းမှာတင် နှစ်နိုင်ငံကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော်ရှိနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၁ ခုနှစ်အထိ ရုရှားနိုင်ငံရဲ့ ကုန်သွယ်မှု မိတ်ဖက်စာရင်းမှာ မြန်မာနိုင်ငံဟာ အဆင့် ၈၅ ပဲ ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံက ပို့ကုန်မိတ်ဖက်နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ၄၄ နေရာကိုရောက်တဲ့အပြင် သွင်းကုန် မိတ်ဖက်နိုင်ငံစာရင်းမှာလည်း အဆင့် ၃၄ နေရာကို ရောက်လာတယ်လို့ ဆိုပါတယ်။

ရုရှားနိုင်ငံကနေ မြန်မာနိုင်ငံကို အဓိကပို့တာက ကျောက်မီးသွေး၊ ဓာတ်မြေဩဇာ၊ နေကြာဆီ၊ အမိုးနီယမ်ဆာလဖိတ်နဲ့ ရာဘာနဲ့လုပ်ထားတဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ရုရှားနိုင်ငံကို ပို့ကုန်ကတော့ အမျိုးသား၊ အမျိုးသမီးဝတ် ပစ္စည်းတွေနဲ့ အားကစားပစ္စည်းတွေ အပါအဝင် အဝတ်အထည်တွေလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေ သဘာဝဓာတ်ငွေ့ရည်နဲ့ စွမ်းအင်အရင်းအမြစ်တွေကို တင်သွင်းဖို့ စိတ်ဝင်စားနေသလို ရုရှားနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေကို စိုက်ပျိုးရေး၊ လျှပ်စစ်ကားထုတ်လုပ်ရေး၊ သံနဲ့ သံမဏိအပါအဝင် ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တွေ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လာရောက်လုပ်ကိုင်ဖို့ ဆွဲဆောင်နိုင်အောင် စစ်ကောင်စီက ကြိုးစားနေတယ်လို့လည်း ဆောင်းပါးမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

စစ်ကောင်စီဝန်ကြီးတွေလည်း ဒီနှစ်အတွင်း ရုရှားနိုင်ငံကို သွားရောက်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို အရှိအဟုန်မြှင့် ကြိုးစားနေတာတွေ့ရပါတယ်။ ရုရှား-မြန်မာအကြား ခရီးသွားလုပ်ငန်း မြှင့်တင်ရေး သဘောတူညီချက်ကိုလည်း ဒီနှစ်ထဲမှာပဲ သဘောတူလက်မှတ်ထိုးထားပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံအကြား မြန်မာကျပ်ငွေနဲ့ ရုရှားရူဘယ်ငွေတိုက်ရိုက်သုံးနိုင်ဖို့ကိစ္စအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ စစ်ကောင်စီက ကြိုးစားနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org