စစ်ကောင်စီကို ရုရှားကူညီနေတဲ့အပေါ် လက်မခံနိုင်ကြောင်း ကန်နိုင်ငံခြားရေးအတိုင်ပင်ခံပြော

စစ်ကောင်စီကို ရုရှားနိုင်ငံက ကျောထောက်နောက်ခံပေးနေတာဟာ လက်ခံနိုင်စရာမရှိဘဲ လက်နက်တွေ ထောက်ပံ့ပေးနေတာကလည်း ပဋိပက္ခထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဂုဏ်ပြုတပ်ဖွဲ့ စစ်ဆေးနေစဉ်။ Russian Defence Ministry/AFP

စစ်ကောင်စီကို ရုရှားနိုင်ငံက ကျောထောက်နောက်ခံပေးနေတာဟာ လက်ခံနိုင်စရာမရှိသလို လက်နက်တွေ ထောက်ပံ့ပေးနေတာဟာလည်း မြန်မာနိုင်ငံကို ပဋိပက္ခထဲ တွန်းပို့သလို ဖြစ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောလိုက်ပါတယ်။

ဒါဟာ မြန်မာပြဿနာမဟုတ်ဘဲ ဒေသတွင်းပြဿနာပါ ဖြစ်နေပြီ။

ဒဲရစ်ချောလက်ရဲ့ အရှေတောင်အာရှခရီးစဉ်အတွင်း မတ်လ ၂၃ ရက်နေ့က ရိုက်တာသတင်းဌာနက တွေ့ဆုံမေးမြန်းရာမှာ အခုလို ပြောလိုက်တာပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တွင်းမှာ ပိုမိုကျယ်ပြန့်လာတဲ့ ပဋိပက္ခတွေအပြင်၊ ရုရှားနဲ့ စစ်ကောင်စီကြား ဆက်ဆံရေး တိုးမြင့်လာနေ တဲ့အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိုးရိမ်တယ်လို့ ဒဲရစ်ချောလက် ကပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့က ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ အင်တာဗျူးတစ်ခုဖြေကြားနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်။ (Photo:Reuters)

"ရုရှားက မြန်မာစစ်ကောင်စီကို ဆက်ပြီးထောက်ခံနေတာဟာ လက်ခံနိုင်စရာမရှိဘဲ အခြေအနေတွေ ပိုပြီးမတည်မငြိမ်ဖြစ်လာစေတယ်ဆိုတာကို ရုရှားအစိုးရနဲ့ စကားပြောနေတဲ့သူတိုင်းက ပြောပြဖို့လိုတယ်" လို့ ဒဲရစ်ချောလက်က ပြောပါတယ်။ ဒါဟာ မြန်မာပြဿနာမဟုတ်ဘဲ ဒေသတွင်းပြဿနာပါ ဖြစ်နေပြီ ဆိုတာကို ပြောဖို့လိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံဒဲရစ်ချောလက်ဟာ မတ်လ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။

ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ စနစ်တကျကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ရုရှားနဲ့တရုတ်က လက်နက်ပစ္စည်းထောက်ပံ့နေတဲ့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေက ရှုတ်ချထားပါတယ်။

အာဏာသိမ်းပြီးနောက် ရုရှားဟာ စစ်ကောင်စီနဲ့ အရင်းနှီးဆုံးနိုင်ငံဖြစ်လာပြီး အနောက်နိုင်ငံတွေကတော့ မြန်မာနဲ့ ရုရှားနှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။

"အဓိကကတော့ ရုရှားနဲ့မြန်မာ စစ်ရေးဆက်ဆံမှုတွေ တိုးများလာပြီး အခုတစ်ခါ လက်နက်တွေပါ ထောက်ပံ့လာတာတဲ့အပေါ် ပိုပြီး စိုးရိမ်မိပါတယ်"လို့ ဒဲရစ်ချောလက်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ လာမယ့်ရက်တွေအတွင်းမှာ မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ထပ်ပြီးချမှတ်သွားဖို့ ရှိတယ်လို့လည်း မတ်လ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံက ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org