ရုရှားနဲ့ မြန်မာနှစ်နိုင်ငံ သဘောတူစာချုပ်တွေ လက်မှတ်ထိုးမယ်လို့ စစ်ကောင်စီပြော

ရုရှားနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ထိုးသွားဖို့ရှိပါတယ်။

ရန်ကုန်နှင့် မန္တလေးမြို့တွေကနေ ရုရှားနိုင်ငံ နိုဗိုဆီဘရစ်မြို့ကို တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲသည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ကတွေ့ရစဉ်။ Myanmar military

ရုရှားနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလာရေးဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တွေကို လက်မှတ်ထိုးသွားဖို့ရှိကြောင်း စစ်ကောင်စီ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောပါတယ်။

ရုရှားနိုင်ငံမှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ လေးရက်ကြာ ကျင်းပတဲ့ အရှေ့စီးပွားရေးဖိုရမ်ကို တက်ရောက်လာချိန် ဒေါက်တာချာလီသန်းက ပြောဆိုခဲ့တာလို့ Reuters သတင်းဌာနက ဒီနေ့ရေးပါတယ်။

နှစ်နိုင်ငံသဘောတူစာချုပ်တွေကို အရှေ့စီးပွားရေးဖိုရမ်မှာ လက်မှတ်ထိုးသွားမှာလို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းကိစ္စကလွဲပြီး တခြားဘယ်ကိစ္စတွေကို သဘောတူ လက်မှတ်ထိုးမယ် ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာ မရှိပါဘူး။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူတာတွေကို ခံနေရတဲ့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနဲ့ တရုတ်နိုင်ငံတွေကို ဆက်ဆံရေး တိုးလုပ်လာနေတာပါ။

ဒီစက်တင်ဘာလ ၅ ရက်နေ့ကပဲ ရန်ကုန်နဲ့ မန္တလေးမြို့တွေကနေ ရုရှားနိုင်ငံ နိုဗိုဆီဘရစ်မြို့ကို တိုက်ရိုက်လေကြောင်းလိုင်းကိုလည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က စတင်ပြေးဆွဲခဲ့ပါတယ်။

မကြာခင်မှာလည်း ရုရှားနိုင်ငံရဲ့မြို့တော် မော်စကိုနဲ့ စိန့်ပီတာစဘတ်မြို့တွေကိုလည်း တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲဖို့ စီစဉ်နေပါတယ်။

အလားတူ တရုတ်နိုင်ငံ ပေကျင်းမြို့အပါအဝင် မြို့ကြီး ၁၁ ခုကိုလည်း လေကြောင်းလိုင်း ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org