စစ်ပွဲတွေကြားက ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ MSF တောင်းဆို

ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ဆိုးရွားလာနေတာကို ပြသနေကြောင်း MSF က ပြောပါတယ်။

မောင်တောမြို့နယ်မှ ရိုဟင်ဂျာများကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ကယ်ထုတ်ပေးခဲ့သည်ကို AA က ထုတ်ပြန်ထားစဉ်။ AA Info Desk

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်းက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရမယ်လို့ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ဩဂုတ်လ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း ထိခိုက်ဒဏ်ရာရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာအရေအတွက် ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုးလာခဲ့ကြောင်း၊ ဒါဟာ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်း ဆိုးရွားလာနေတာကို ပြသနေကြောင်း MSF က ပြောပါတယ်။

ဩဂုတ်လ ၇ ရက်နေ့အထိ ၄ ရက်အတွင်း MSF အဖွဲ့က ဒဏ်ရာရသူ ၃၉ ဦးကို ဆေးကုသပေးခဲ့ရပြီး အဲဒီထဲမှာ ၄၀ ရာခိုင်နှုန်းက အမျိုးသမီးနဲ့ ကလေး‌တွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ အများအပြားက မော်တာကျည်ထိမှန်တာနဲ့ သေနတ်ဒဏ်ရာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဩဂုတ်လ ၆ ရက် တစ်ရက်ထဲမှာတင် ဒဏ်ရာရသူ ၂၁ ယောက် ဆေးကုသပေးခဲ့ရပြီး ဒီအတိုင်းအတာအထိ ပြင်းထန်ဒဏ်ရာတွေနဲ့ တွေ့မြင်ရတာ ဒီနှစ်အတွင်း ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ MSF က ဆိုပါတယ်။

ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ပဋိပက္ခတွေရဲ့ သက်ရောက်မှု ပိုပြီးစိုးရိမ်ဖွယ်ရာဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ MSF ကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေအတွက် လုံခြုံစိတ်ချရတဲ့နေရာ တနေ့တခြားရှားပါးလာနေတယ်လို့လည်း သူက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org