ရွှေပြည်သာမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲက ငါးဦးမှာ ကိုဗစ်ပိုးတွေ့

အောင်သိင်္ခ၊ စိုးသိမ်း
2021.01.08
ရွှေပြည်သာမှာ ဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲက ငါးဦးမှာ ကိုဗစ်ပိုးတွေ့ ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ အထောက်အထားမဲ့ မွတ်စလင်တွေကို ၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့က ကွန်ပျူတာတက္ကသိုလ်ဆီ ပို့ဆောင်ဖို့ ပြင်ဆင်နေစဉ်
ဓါတ်ပုံ - ရှင်သန်ခြင်းပရဟိတလူမူကူညီရေးအသင်းဘုံရှည်ကုန်း

ရခိုင်ပြည်နယ် မြောက်ဦးကနေ မလေးရှားသွားဖို့ ရန်ကုန်ကိုရောက်လာတဲ့ ရိုဟင်ဂျာ ၉၉ ဦးကို ဇန်နဝါရီ ၆ ရက်နေ့က ရွှေပြည်သာမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ရာမှာ အမျိုးသမီး ငါးဦးမှာ ပိုးတွေ့ခဲ့ပါတယ်။

ပိုးတွေ့သူတွေပါလို့ သူတို့ကိုသွားရောက်ဖမ်းဆီးစဉ်က ထိတွေ့ခဲ့တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတချို့ကိုလည်း စောင့်ကြည့်ရေးစခန်းတွေမှာ ထားသွားမယ်လို့ ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့ ဒီနေ့မှာ ကျန်းမာရေး ဦးစီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီ ပိုးတွေ့လူနာအမျိုးသမီး ငါးဦးကို ကုသရေးစခန်းတွေကို ပို့ဆောင်မှာဖြစ်ပါတယ်။

ကိုဗစ် ၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်တဲ့အနေနဲ့ တစ်နေရာနဲ့ တစ်နေရာ သွားလာမှု ကန့်သတ်ထားတဲ့ အချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးက မွတ်စလင် ၉၉ ဦးကို ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ဇန်နဝါရီလ ၆ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဖမ်းမိထားတဲ့ အမျိုးသား ၂၆ ဦး နဲ့ အမျိုးသမီး ၇၃ ဦး ကို စစ်ဆေးပြီး နေရပ်ပြန်ပို့မယ်လို့ ရန်ကုန်တိုင်းအစိုးရ က ပြောထားပါတယ်။ သူတို့ကို ခေါ်ဆောင်လာသူ လေးဦးကိုတော့ ရဲတပ်ဖဲ့ွက အမှုဖွင့်ထားပါတယ်။

အလားတူ ပြည်မြို့မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းမိထားတဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ခေါ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပုသိမ်မြို့က ဆရာတော်တစ်ပါး နဲ့ ယာဉ်မောင်းကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေနဲ့ အရေးယူနိုင်ဖို့ ရဲတပ်ဖွဲ့ ရှာဖွေစုံစမ်းနေပါတယ်။

ဒီနေ့တော့ ဆရာတော် ကျောင်းထိုင်တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့က သာသနာ့ဓမ္မဂုဏ်ရည်ကျောင်းတိုက်ကို ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက ချိတ်ပိတ်ဖို့ စီစဉ်နေပါပြီ။

ချိတ်ပိတ်ဖို့ စီစဉ်နေတဲ့အတွက် လက်ရှိကျောင်းမှာ သီတင်းသုံးနေတဲ့ သံဃာတော် ၃ ပါး နဲ့ သီလရှင် ၂ ပါး သီတင်းသုံးဖို့ နေစရာ အခက်အခဲ ဖြစ်နေပါတယ်။

ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာလာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၁၃ ဦးကို သယ်ဆောင်လာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျောင်းထိုင်ဆရာတော်ဟာ အမျိုးသားပထမံကျော်နဲ့ ဓမ္မစရိယ ဒီပလိုမာ ဘွဲ့ရရှိထားတဲ့ ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ ဇာတိ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။ ပြည်မြို့မှာ ဖမ်းဆီးရမိသူ အထောက်အထားမဲ့သူ ၁၃ ဦးက အသက် ၁၁ နှစ်ကနေ အသက် ၁၉ နှစ်ကြား အရွယ်တွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။