ကြံ့ခိုင်ဖွံဖြိုးရေးပါတီဌာနချုပ်ဖွင့်ပွဲ သတင်းထောက်များ ကန့်သတ်ခံရ
2010.08.20

(Photo: AFP)
ဖွင့်ပွဲအခမ်းအနားတွေကို တွေ့မြင်ခဲ့တဲ့ ရန်ကုန်မြို့ခံတဦးက သူမြင်သိခဲ့ရတာတွေကို ခုလိုပြောပြပါတယ်။
“ဒီမနက် သူတို့ ၉ နာရီလောက်ကတည်းက ပြင်ဆင်နေကြတာ တမြို့လုံးမှာပဲ၊ မြို့နယ်၊ ရပ်ကွက်တွေထဲမှာရော ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်ဖွင့်ပွဲပေါ့လေ။ သူတို့ အရင် ကြံ့ဖွံ့ ယူနီဖောင်းတွေ ပုဆိုးစိမ်း၊ အင်္ကျီဖြူတွေနဲ့၊ အရင် ပါတီ လူမှုအသင်းအဖွဲ့ဝင်တွေပါပဲ၊ လူတွေကတော့။ ဒါပေမဲ့၊ သတင်းမီဒီယာတွေကို ဖိတ်ထားတာ မတွေ့ဘူး။ ပြည်တွင်းက သတင်းထောက်တွေလည်း အင်တာဗျူးခွင့်တွေ ဘာတွေ မရဘူးပြောတယ်၊ သတင်းဓာတ်ပုံလောက်ပဲ ရိုက်လို့ရတယ်။”
၂၀၁၀ ရွေးကောက်ပွဲဝင်အတွက် ကြံ့ခိုင်ဖွံဖြိုးရေးပါတီဟာ အင်အားအကြီးဆုံး ပါတီကြီးတခု ဖြစ်နေပြီး ရန်ကုန်တိုင်းမှာဆိုရင် ခရိုင်လေးခုနဲ့ ၄၅ မြို့နယ်မှာ ရုံးခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန် စာနယ်ဇင်း သတင်းရပ်ကွက်အဆိုအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးဖို့အတွက် လက်ရှိ အစိုးရ ဝန်ကြီးရာထူးတာဝန်တွေ ယူထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်တွေဟာ ဒီလကုန် နောက်ဆုံးထားပြီး နုတ်ထွက်ကြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
တကယ်လို့ အစိုးရဝန်ကြီးတွေ ရာထူးက နုတ်ထွက်မယ်ဆိုရင် ရွေးကောက်ပွဲအကြိုကာလ အစိုးရတာဝန်ကို ဘယ်သူယူမလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ပြည်တွင်း သတင်းထောက်တွေက ပြောပါတယ်။ ပြည်ပအခြေစိုက် မဇ္ဈိမသတင်းဌာနရဲ့ အင်တာနက် စာမျက်နှာပေါ်မှာတော့ ရွေးကောက်ပွဲအတွက် စစ်တပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ဒုဗိုလ်ချုပ်ကြီး ၁၀ ဦး အငြိမ်းစားယူမယ်ဆိုတဲ့ သတင်းကို ဒီကနေ့ဖော်ပြထားပါတယ်။