ဖမ်းဆီးခံထားရသည့် မှော်ဘုံရွာ ဒေသခံ ၅၀ ခန့် ပြန်လည် လွတ်မြောက်
ဖားကန့်မြို့နယ်၊ မှော်ဘုံ (မဒဲန်ယန်) ရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးထဲက ၅၀ ခန့်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2023-04-27 -
-
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံ (မဒဲန်ယန်) ရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၂၀၀ နီးပါးထဲက ၅၀ ခန့်ကို ဧပြီ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက နိုင်ငံရေးကင်းရှင်းကြောင်း ခံဝန်ကတိထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြန်လွတ်လာတဲ့ ဒေသခံ ၅၀ နီးပါးဟာ ကံဆီးရွာဘက်ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက မှော်ဘုံ (မဒဲန်ယန်) ရွာရဲ့ ရပ်မိ၊ရပ်ဖတွေကို စစ်ကောင်စီတပ်က ဒေသခံတချို့ကို ပြန်လွှတ်ပေးမယ်လို့ ဖုန်းဆက်အကြောင်းကြား လာတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ပြန်လွတ်ပြီ၊ ဟုတ်တယ်။ နေ့လယ် ၁ နာရီကျော်က ဖားကန့်ရဲစခန်းကနေ နိုင်ငံရေးကင်းရှင်းကြောင်း၊ နိုင်ငံရေး မလုပ်ဖို့နဲ့ အာမခံချက် သဘောမျိုး ခံဝန်ထိုးခိုင်းတယ်။ ရပ်မိ၊ ရပ်ဖတွေကလည်း အာမခံပေးရတယ်။ ပြီးတော့ ပြန်လွှတ်လိုက်တာပဲ"
ထပ်မံ ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ကျော်လောက်ကို ဘယ်အချိန် ပြန်လွှတ်ပေးမလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရချိန်မှာ ရိုက်နှက်တာမျိုးမရှိပေမယ့် KIA၊ KPDF တွေနဲ့ ပတ်သက်ဆက်နွယ်မှု ရှိ၊ မရှိနဲ့ ထောက်ပံ့ရေး လုပ်၊ မလုပ်စတဲ့ အခြေအနေတွေကို မေးမြန်းမှုတွေရှိကြောင်း ပြန်လွတ်လာသူတွေကပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က မှော်ဘုံ (မဒဲန်ယန်)ရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက် စီးနင်းပြီး ဒေသခံ ၂၀၀ နီးပါးကို ကံဆီးရွာ၊ ဆန်ခါရွာနဲ့ မဇွပ်ယန်ရွာတွေဘက်ကို ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။