တိုက်ပွဲတွေကြောင့် ကော့ကရိတ် ဒေသခံလေးရာကျော် ထွက်ပြေးနေရ
ဒေါနတောင်ခြေက ကော့နွဲ့၊ ကော့မူး နဲ့ ကျောက်စာရစ်ကုန်း ဒီရွာသုံးရွာက ဒေသခံ လေးရာကျော်ဟာ ကော့ကရိတ်မြို့နယ်ခွဲ(နဘူးမြို့နယ်ခွဲ)မှာ ခိုလှုံနေကြပါတယ်။
- 2022-11-26
-
-
-
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေကြောင့် ရွာသုံးရွာက ဒေသခံ လေးရာကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဒေါနတောင်ခြေက ကော့နွဲ့၊ ကော့မူး နဲ့ ကျောက်စာရစ်ကုန်း ဒီရွာသုံးရွာက ဒေသခံ လေးရာကျော်ဟာ ကော့ကရိတ်မြို့နယ်ခွဲ(နဘူးမြို့နယ်ခွဲ)မှာ ခိုလှုံနေကြပါတယ်။
ဒီရွာတွေက လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်ခံနေရတာကြောင့် ဒီစစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရဲကြဘူးလို့ အကူအညီပေးနေတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
“တစ်ရက် နှစ်ရက် နားလိုက်၊ လက်နက်ကြီးနဲ့ ပြန်ပစ်လိုက်ဆိုတော့ ရွာသားတွေက ပြန်နေလို့ အဆင်မပြေဘူး။ ဒီဒုက္ခသည်တွေထဲမှာ ကလေးက နှစ်ရာလောက် ပါတယ်။”
ဒီဒုက္ခသည်တွေဟာ နိုဝင်ဘာ ၂၂ ရက်နေ့လောက်ကစပြီး KNLA တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေရတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာ ၁ရက်နေ့ကနေ ၂၄ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၁ ကြိမ် ဖြစ်ခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂၁ ရက်နေ့က KTLA ရဲ့ ခြင်္သေ့တပ်ရင်း၊ ကျားဖြူစစ်ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းအဖွဲ့ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာကနေ စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ ခုနစ်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရသလို လေးဦးထက်မနည်းလည်း သေဆုံးခဲ့ပါတယ်။