စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါးတိုးလာ

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ မတ် ၁၀ ရက်ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါး တိုးလာခဲ့တယ်လို့ UNHCR က ထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။ Kayan Rescue Committee –KRC

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းမှာ မတ်လ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ၂၄၀၀ နီးပါး တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။

ဒီဒေသတွေအတွင်း မတ်လ ၁၀ ရက်နေ့အထိ စစ်ဘေးဒုက္ခသည် ပြည်သူ တစ်သန်း လေးသောင်း ရှစ်ထောင့်ငါးရာ ရှိခဲ့ရာက မတ်လ ၁၇ ရက်နေ့မှာ တစ်သန်းငါးသောင်း ကိုးထောင်အထိ ရှိလာခဲ့တာပါ။

ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် သစ်ကျိုက်ကျေးရွာက ဒေသခံ ၅၉၀ ဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ လုံခြုံရေး စိုးရိမ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသလို၊ ညောင်ရွှေမြို့နယ် စမ်းခါးဒေသက လူပေါင်း ၈၃၂ ဦး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကယားပြည်နယ်က စစ်ဘေးဒုက္ခသည် ၂၀၂ ဦး နေရပ်ပြန်လာကြတယ်ဆိုပေမဲ့ လွိုင်ကော်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမှာလည်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအပါအဝင် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာကြောင့် ထန်းတပင်မြို့နယ်က ၂၀၈၆ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောက်ကြီး၊ သပြေညွန့် နဲ့ သံတောင်ကြီးက လူ ၃၁၃၀ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org