ယာယီဈေး တည်ဆောက်ပေးဖို့ မန္တလေး မင်္ဂလာဈေးသူဈေး သားတွေ တောင်းဆို
မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုရာမှာ လူနေတိုက်ခန်းနဲ့ ဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့အတွက် ဈေးသူဈေး သားတွေက ယာယီဈေးတစ်ခု ဆောက်လုပ်ပေးဖို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီကို ဒီနေ့ တောင်းဆို ကြပါတယ်။
-
2016-03-23 -
-
-
မန္တလေးမြို့ မင်္ဂလာဈေးမီးလောင်မှုရာမှာ လူနေတိုက်ခန်းနဲ့ ဆိုင်ခန်း စုစုပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးသွားတဲ့ အတွက် ဈေးသူဈေးသားတွေက ယာယီဈေးတစ်ခု ဆောက်လုပ်ပေးဖို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီကို ဒီနေ့ တောင်းဆိုကြပါတယ်။
မင်္ဂလာဈေးအနီးတဝိုက်မှာ ဈေးပြန်လည်ရောင်းချခွင့်ရဖို့အတွက် စည်ပင်သာယာရေး ကော်မတီနဲ့ ညှိနှိုင်းခဲ့တာလို့ ဆိုင်ခန်း ၈ ခန်း ဆုံးရှုံးသွားတဲ့ ဒေါ်သွယ်သွယ်စန်းက ပြောပါတယ်။
"ဒါကို အင်ဂျင်နီယာတွေနဲ့ စမ်းသပ်လို့ ကောင်းသေးတယ်ဆိုရင်လည်း မူလအတိုင်းပြန်ထည့်၊ ပညာရှင်တွေနဲ့ စမ်းသပ်ပြီးတဲ့အခါကျတော့ ဘိုနေမြဲကျားနေမြဲ ဈေးသည်တွေအတွက် ဒီအတိုင်းပြန်ဖွင့်ပေးပါ၊ အဲ့လို ပညာရှင်တွေရဲ့ စမ်းသပ်ချက်နဲ့ ရောင်းလို့မရဘူးဆိုရင်လည်း ကျမတို့ အခြေခံလူတန်းစား ဈေးသည်တွေ ဝယ်နိုင်တဲ့ အနေအထားမျိုးပဲ ဆောက်ပေးပါ"
သြင်္ကန်ကာလအတွက် ကုန်ပစ္စည်းတွေသိုလှောင်ထားချိန်မှာ မီးလောင်တာဖြစ်တဲ့အတွက် ဆုံးရှုံးမှုများတယ်လို့ ဆိုင်ခန်းဆုံးရှုံးသွားသူတွေက ပြောပါတယ်။
မီးလောင်ကျွမ်းမှုဟာ မနေ့ညနေကနေ ည ၈နာရီကျော်အထိ ၄ နာရီကြာမြင့်ခဲ့ပြီး ဒီနေ့ နေ့လည်ကလည်း မီးကြွင်းမီးကျန်ကနေတဆင့် မီးထပ်လောင်နေတဲ့အတွက် မီးသတ်ကား ၁၀ စီးလောက်နဲ့ မီးငြိမ်းသတ်ခဲ့ရပါတယ်။
ဆိုင်ခန်းတွေမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကို သယ်ယူကြဖို့နဲ့ အဲဒီနေရာကို ဆက်လက်အသုံးပြုခွင့် ပေးဖို့သင့်၊ မသင့်ကို ပညာရှင်တွေနဲ့ စစ်ဆေးသွားမှာဖြစ်တယ်လို့ မန္တလေးစည်ပင်က သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက မီးလောင်မှုဖြစ်တဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။