ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း သေဆုံးသူ ၆၂ ဦးရှိကြောင်း အာဏာပိုင်တွေ အတည်ပြု
ပြီးခဲ့တဲ့ အပတ်တွင်းက စပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ စုစုပေါင်း ၆၂ ဦး ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
-
2012-06-21 -
-
-
ပြီးခဲ့တဲ့ ဇွန်လ ၃ရက်နေ့ကစပြီး ပဋိပက္ခတွေအတွင်း သေဆုံးသူ ၅၀ ရှိခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ ရသေ့တောင်မြို့နယ်က အကြမ်းဖက်မှုကြောင့် သေဆုံးသူ ၁၂ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။ သတင်းတွေအရ သေဆုံးသူ စုစုပေါင်း ၈၀ ရှိတယ်လို့ ပြောဆိုမှုတွေ ရှိပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ရုံး ပြောခွင့်ရသူ ဦးဝင်းမြိုင်က အခုလို ပြောပါတယ်။
“ ၆၂ ယောက်ပေါ့။ ကျွန်တော်တို့ ဒီမှာသတင်းက တချို့ကလည်း အဲဒီလိုပေါ့။ ဆေးရုံတက်တာ တချို့ကလည်း မဆုံးပဲနဲ့၊ အခုဆိုရင်ဗျာ စဖြစ်တုန်းက မောင်တော က ဒေါက်တာ ဦးခင်မောင်လတ်တို့ ဆုံးတယ်ဆိုပြီး သတင်းတက်တယ်။ ဒါပေမဲ့ အဲတာတွေက မဟုတ်ဘူးခင်ဗျ။ ဆိုတော့ အဲတာမျိုးလေးတွေပေါ့”
ဦးဝင်းမြိုင်ရဲ့ အဆိုအရ အခြေအနေများ တည်ငြိမ်မှု ရှိနေပြီး ပြည်နယ်အတွင်း မြို့ကြီးတွေက ပိတ်ထားတဲ့ ဈေးများကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။ အလားတူ မီးလောင်ကြွမ်းမှု ဖြစ်ပွားခဲ့တဲ့ နေရာများက အိုးမဲ့အိမ်မဲ့များအတွက် ပြန်လည် နေရာချထားရေး ကိစ္စတွေကို ပြည်နယ်အစိုးရ အနေနဲ့ အစီအစဉ်များ ပြုလုပ်နေ တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း မြန်မာနိုင်ငံကနေ နောက်ထပ်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၆ ယောက်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို စစ်ဆေးမေးမြန်းပြီး စားနပ်ရိက္ခာ ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင် နှစ်ထောင်ကျော်ကို ပြန်ပို့ခဲ့ပါတယ်။ ဒါကြောင့် ထွက်ပြေးလာသူတွေကို လက်ခံဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းနေပြီး ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့ဟာ ဆင်းရဲတဲ့ နိုင်ငံဖြစ်လို့ လက်မခံနိုင်ဘူးလို့ ပြောဆိုထားပါတယ်။