ပြင်ဦးလွင်မြို့မှာ ပြင်ပပေါက်ဈေး ဓာတ်ဆီ တစ်လီတာ ကျပ်ခုနစ်ထောင်ကျော်ရှိ
ပြင်ဦးလွင်မြို့မှာ စက်သုံးဆီ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြပြီး ပြင်ပပေါက်ဈေးက ဓာတ်ဆီ တစ်လီတာ ကျပ်ခုနစ်ထောင်ကျော်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-08-14 -
-
-
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ စက်သုံးဆီ တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြပြီး ပြင်ပပေါက်ဈေးက ဓာတ်ဆီ တစ်လီတာ ကျပ်ခုနစ်ထောင်ကျော်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။
BOC ဆိုင် အပါအဝင် ဆီပန့်ဆိုင်တွေမှာ ဆီကားဝင်ချိန် တစ်လီတာကို ကျပ်၂၉၀၀ ကျော်နဲ့ ရောင်းချပေမဲ့ ပြင်ပပေါက်ဈေးက ဓာတ်ဆီ 92၊ 95 တစ်လီတာကို ကျပ်ငွေ ခုနစ်ထောင်နဲ့ တစ်သောင်းဝန်းကျင် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် ဓာတ်ဆီတန်းစီဝယ်ပြီး ပြန်ရောင်းချတဲ့ ဈေးကွက်ရှိတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။
“တချို့ဆို မိုးလင်းလေးနာရီကနေစပြီး ဆီတန်းစီတာ နေ့လယ် ကိုယ့်အလှည့်ရောက်မှ ဆီကုန်ပြီဆိုတော့ ပေါက်ကွဲကုန်ကြရော။ ဆီဆိုင်တွေကလည်း ဆီကုန်ပြီဆိုရင် တစ်ပတ်လောက် နားကြပြီ။ အဲတာဆို ဘယ်ဆိုင်မှာ ကားဝင်မလဲ စောင့်နားထောင်ပြီး တန်းစီကြနဲ့။ ဒါပဲနားစွန့်နေရတာ”
ဓာတ်ဆီဝယ်ရခက်တာကြောင့် ပြင်ဦးလွင်-မန္တလေး ယာဉ်ငယ်ပြေးဆွဲတဲ့ ကားလုပ်ငန်းတွေ ရပ်နားထားရတယ်လို့ ကားဆရာတချို့က ပြောပါတယ်။
အသုံးများတဲ့ 92 နဲ့ 95 ဓာတ်ဆီတွေကို စစ်ကောင်စီက ခွဲတန်းချပြီး အလှည့်ကျစနစ်နဲ့ ရောင်းချတဲ့အတွက် အရင်လို ဆီဆိုင်တွေက အပြည့်မရောင်းချနိုင်ဘူးလို့ ပြင်ဦးလွင်မြို့က အမည်မဖော်လိုတဲ့ စက်သုံးဆီလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
“အရင်လို မဟုတ်ဘူး။ အခုက တစ်ပတ်မှ ဆီဆိုင်တစ်ဆိုင်ကို ဂါလံ ၂၅၀၀ ပဲ ပေးတာ။ ဒါလည်း အလှည့်ကျ စနစ်နဲ့ပဲ ရမယ်။ တစ်နိုင်ငံလုံး ဒီလိုပဲ သတ်မှတ်ပေးထားတာဆိုတော့ ဆီကားရောက်တဲ့ ဆိုင်မှာ လူတွေက တန်းစီဝယ်ပေါ့။ အဲလိုဖြစ်နေတာ”
ဒီလို ဓာတ်ဆီဝယ်ရခက်ပေမဲ့ ဒီဇယ်ကတော့ လိုသလောက် ဝယ်လို့ရတယ်လို့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့က စက်သုံးဆီဆိုင်တွေကလည်း အပြည့်အဝ ရောင်းချမပေးနိုင်ဘူးလို့လည်း ဆိုပါတယ်။ ဆီကားဝင်တဲ့ ဆိုင်တွေမှာ တန်းစီဝယ်ယူနေကြရပြီး အကန့်အသတ်နဲ့သာ ဝယ်လို့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။