ပြင်ဦးလွင်မြို့က ရပ်ကွက်အချို့ ရေကြီးရေလျှံမှုဖြစ်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မိုးရွာသွန်းပြီး ဂဲတောင်းချောင်း ရေလျှံလာတာကြောင့် ရပ်ကွက် (၁)၊ (၃)၊ (၄) နဲ့ (၅) အပါအဝင် ရပ်ကွက် ခုနစ်ခုခန့် ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။
- 2022-07-31
-
-
-
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ မိုးရွာသွန်းပြီး ဂဲတောင်းချောင်း ရေလျှံလာတာကြောင့် ရပ်ကွက် (၁)၊ (၃)၊ (၄) နဲ့ (၅) အပါအဝင် ရပ်ကွက် ခုနစ်ခုခန့် ရေကြီးရေလျှံမှု ဖြစ်နေပါတယ်။
လက်ရှိ အနိမ့်ပိုင်းမှာရှိတဲ့ အိမ်ထောင်စု တစ်ထောင်နီးပါးရဲ့ နေအိမ်အချို့ ရေနစ်မြုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးရွာသွန်းမှုများပြီး ပြင်ဦးလွင်မြို့အနားက ဂဲတောင်းချောင်း ရေလျှံရာကနေ မြို့တွင်း ရပ်ကွက် လူနေအိမ်တွေထဲကို ဇူလိုင်လ ၃၁ ရက် ဒီနေ့မနက် (၇) နာရီလောက်ကစပြီး ရေဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"မနက်ပိုင်းမှာတော့ သွားရလာရ တော်တော်ခက်သွားတယ်။ ဆိုင်ကယ်တွေဆိုရင် လမ်းပေါ်ရေကျော်တဲ့နေရာဆို ဆင်းတွန်းရတာပေါ့။ တံတားအဆင်းတွေဆိုရင် အသင်းကလူတွေပေါ့ မီးသတ်ကလူတွေကထိန်းပြီး စောင့်ပေးရတာရှိတယ်။ လုံးဝ ပိတ်ပစ်လိုက်ရတဲ့လမ်းတွေလည်း ရှိတယ်။ အောက်က ရေကတအားကြီး လျှံတက် နေတော့လေ အန္တရာယ်ရှိလို့။ ဆယ်စုနှစ်တစ်ခုအတွင်းလို့ပဲ ပြောရမယ် ဒီလိုမျိုးမလျှံတာ တော်တော်ကြာပြီ။ အခုချိန်လိုမျိုးပေါ့ အပြင်မှာလည်း မိုးရွာတယ် ရေဝင်တယ်။ ဒါပေမဲ့ ရပ်ကွက်တချို့ပဲ။ အခုက ရပ်ကွက်တော်တော်များများ ရေဝင်တယ်။ ပြင်ဦးလွင်မှာ ရပ်ကွက်ကြီး (၂၁) ခု ရှိတယ်။ အနည်ဆုံးရပ်ကွက်ကြီး (၇) ရပ်ကွက်လောက်က မိုးရေ ဝင်ပြီး ရေကြီးတဲ့ဒဏ်ကို ခံရတာပေါ့"
ရေနစ်မြုပ်မှုကြောင့် ကျန်းမာရေးမကောင်းမွန်တဲ့ လူတွေနဲ့ သက်ကြီးရွယ်အိုတွေကို လူမှုကူညီရေးအသင်းတွေက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိ ပြင်ဦးလွင်-မန္တလေးကားလမ်းနဲ့ ပြင်ဦးလွင်-လားရှိုးကားလမ်းမတွေပါ ရေလျှံ နေတာကြောင့် ကားဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြင်ဦးလွင် မြို့ပေါ်ရပ်ကွက်တွေထဲက နေထိုင်ဖို့ အဆင်မပြေတဲ့ ဒေသခံတွေကို နေရာ ပြောင်းရွှေ့တာနဲ့ ထမင်း၊ ဟင်း ဝေငှတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းက RFA ကို ပြောပါတယ်။
"ရေစတက်တာ (၇) နာရီ၊ (၈) နာရီလောက်မှ စတက်တာ။ ကျနော်တို့ဆီက အသေ အပျောက်ကတော့ ဘာမှမရှိပါဘူး မနက်မိုးလင်းမှာ တက်တာဆိုတော့။ ပြင်ဦးလွင်မြို့ ထဲ ကန်တော်လေးကနေ ပွဲကောက်ရေတံခွန်ဘက်ဆင်းတဲ့ ဂဲတောင်းချောင်း ရေလျှံတာ။ လားရှိုးလမ်းနဲ့တော့ ဘာမှမပတ်သက်ဘူး။ မော်တော်ယာဉ်တွေ လူအင်အားတွေနဲ့ အပြည့်အဝ ကူညီပေးနေတယ်။ ကျနော်တို့ ထမင်းထုပ်တို့ဘာတို့ ဝေပေးမှာပေါ့။ သက်ကြီးရွယ်အိုတွေတော့ ခေါ်တုန်းရှိသေးတယ်။ မိုးတိတ်ပြီဆိုရင်ပြန်ကျမှာ။ မိုးကလည်းရွာ၊ ရေကလည်းအတက်မို့ ကြီးသွားတာ။ မြောင်းတွေဘာတွေ သန့်ရှင်းရေး လုပ်ထားပြီဆိုတော့ ပြန်ကျတော့မှာ"
ပြင်ဦးလွင်ဟာ တောင်ပေါ်မြို့ဖြစ်တာကြောင့် ၂၀၁၀ ပြည့်နှစ် အရှေ့ပိုင်းနှစ်တွေက လမ်းမမြုပ်တဲ့အထိသာ ရေဝင်ရောက်မှုရှိခဲ့ပြီး အခုလို ရေကြီးနစ်မြုပ်တဲ့ဒဏ်ကိုတော့ ပထမဆုံးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ ရပ်ကွက်အနိမ့်အမြင့်အပေါ်မူတည်ပြီး အနည်းဆုံး တစ်ပေကနေ လေးပေ အထိ ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။