ပူတာအိုမှာ တိုက်ပွဲပြင်းထန်၊ ဂျက်တိုက်လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်

ပူတာအိုမြို့နယ် အင်စီယာန်နဲ့ ဆွမ်ပီယာန်ရွာကြားမှာ မတ်လ ၁ ရက်နေ့မှာ ဂျက်တိုက်လေယာဉ် နှစ်စင်းက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပူတာအိုမြို့နယ် လုံရှာ​ကျေးရွာက တိုက်ပွဲ​ကြောင့် ​တောထဲကို ထွက်​ပြေတိမ်း​ရှောင်​နေကြရတဲ့ ဒေသခံတွေကို ၂၀၂၂ ဖေဖော်ဝါရီလ နောက်ဆုံးပတ်က တွေ့ရစဉ်။ Photo: CJ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် အင်စီယာန်နဲ့ ဆွမ်ပီယာန်ရွာကြားမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တို့ မတ်လ ၁ ရက် ဒီနေ့မနက်က တိုက်ပွဲ ဖြစ်ပွားနေပြီး ညနေ ၃ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် နှစ်စင်းက လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂျက်တိုက်လေယာဉ် နှစ်စင်းနဲ့ အဲဒီရွာ နှစ်ရွာကြားကို အကြိမ်ပေါင်းများစွာ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အင်စီယာန် ရွာသားတစ်ဦးက ပြောပါတယ်။

“လေယာဉ်နှစ်စင်းနဲ့ လာပစ်တယ်။ အကြိမ်ရေ အများကြီးပဲ။ အခုတော့ ပြန်သွားကြပြီ။ တိုက်ပွဲက မနက်ကတည်းက ဖြစ်နေတာ။ အခုလည်း အသံတွေ ကြားနေရတုန်းပဲ ”

တိုက်ပွဲတွေကြောင့် အနီးနားက ရွာသားတွေဟာ ရွာလုံးကျွတ် တောထဲကို ထွက်ပြေး တိမ်းရှောင်နေလို့ ထိခိုက်မှုတွေတော့ မရှိဘူးလို့ဆိုပါတယ်။

စစ်ကောင်စီ တပ်စွဲထားတဲ့ ရှိန်ဂတ်ဘွမ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တို့ ဒီနေ့မနက် ၇ နာရီကနေ ၉ နာရီထိ တစ်ကြိမ်ဖြစ်ပွားပြီး ၁၁ နာရီ ကနေ ညနေပိုင်းထိ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ အမည်မဖော်လိုသူ KIO သတင်းရင်းမြစ် တစ်ဦးက ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး ၂၂ ရက်ထိလည်း အဲဒီနေရာမှာ တိုက်ပွဲ ငါးရက်ကြာ ဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့လို့ လုံရှာယာန်၊ ဆွမ်ပီယာန်၊ အင်စီယာန် စတဲ့ကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော်တို့ ထွက်ပြေးတိမ်းရှောင် နေရ ပါတယ်။

စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ ရှိန်ဂတ်ဘွမ်စခန်းဟာ လွန်ခဲ့တဲ့ သုံးနှစ်က KIA ရဲ့ တပ်စခန်းဖြစ်ခဲ့ပြီး အဲဒီစခန်းကို ပြန်သိမ်းနိုင်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ကချင်လွတ် မြောက်ရေးတပ် (KIA) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဒီနေ့ ပူတာအိုက တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကို မသိနိုင်သေးသလို စစ်ကောင်စီ ရဲ့ ပြောခွင့်ရ သူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း တနိုင်းမြို့နယ်ရှိ KIA တပ်ရင်း ၁၄ နဲ့ ဖားကန့်မြို့ရှိ KIA တပ်ရင်း ၄၄ ဘက်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org