မြန်မာပြည်တွင်းက တိုတယ်ရဲ့ လုပ်ငန်းတွေကို PTTEP လွှဲပြောင်းယူ

မြန်မာနိုင်ငံမှာ တိုတယ်ကုမ္ပဏီလုပ်ကိုင်ခဲ့တဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ အစုရှယ်ယာတွေကို လွှဲပြောင်းရယူပြီး လုပ်ငန်းတွေဆက်လုပ်သွားမယ်လို့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက မတ်လ ၁၄ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတဲ့ ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းကိုတွေ့ရစဉ်။ Photo:PTTEP

မြန်မာနိုင်ငံမှာ တိုတယ်ကုမ္ပဏီလုပ်ကိုင်ခဲ့တဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ အစုရှယ်ယာတွေကို လွှဲပြောင်းရယူပြီး လုပ်ငန်းတွေဆက်လုပ်သွားမယ်လို့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက မတ်လ ၁၄ ရက် ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းဟာ ထိုင်းနဲ့ မြန်မာပြည်သူတွေ လျှပ်စစ်စွမ်းအား ရရှိရေးမှာ အရေးပါတာကြောင့် အခုလိုလွှဲပြောင်းရယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီစီမံကိန်းရဲ့ ၃၁ ရာခိုင်နှုန်းကို တိုတယ်က အရင်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့အနေနဲ့ တိုတယ်က မြန်မာနိုင်ငံကနေ ပြန်ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် PTTEP က ဝယ်ယူဖို့ ဖြစ်လာတာပါ။

ဒေသတွင်း အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အထောက်အပံ့ဖြစ်စေမယ့် စီးပွားရေး လုပ်ငန်းတွေ မလုပ်ကြဖို့ တောင်းဆိုနေချိန်မှာ PTTEP က လုပ်ငန်းချဲ့ထွင်နေတာဖြစ်ပါတယ်။

PTTEP ကတော့ စွမ်းအင် ညီတူညီမျှရရှိရေးဟာလည်း လူ့အခွင့်အရေး တစ်ရပ်ဖြစ်သလို၊ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့၊ အနှောင့်အယှက်မရှိစေဖို့ အခုလို ဆုံးဖြတ်တာလို့လည်း ပြောဆိုထားပါတယ်။

အာဆီယံနိုင်ငံအချင်းချင်းကြားမှာ ကူညီရိုင်းပင်းရာ ရောက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ PTTEP ကုမ္ပဏီက ၃၇ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်တော့မှာဖြစ်ပြီး၊ ချက်ဗရွန်ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Unocal Myanmar Offshore ကုမ္ပဏီက ၄၁ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး ပိုင်ဆိုင်မှာဖြစ်တယ်လို့ PTTEP ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org