မြစ်ကြီးနားထောင်တွင်း ဆန္ဒပြခဲ့သူ အကျဉ်းသား ၁၃ ဦးကို ထပ်တိုးထောင်ဒဏ် ချမှတ်

မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်နဲ့ခြောက်လ ထပ်တိုးအမိန့်ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်ကို ၂၀၁၉ ခုနှစ်၊ မေလ ၉ ရက်နေ့က တွေ့ရစဉ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်နဲ့ခြောက်လ ထပ်တိုးအမိန့်ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ပြောပါတယ်။

အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားငါးဦးနဲ့ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေပါဝင်ပြီး သူတို့ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက် ဥပဒေပုဒ်မ-၆ (၁)၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) တို့နဲ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ အမှုဖွင့်ပြီး ထောင်ဒဏ်ထပ်တိုး အမိန့်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

၁၃ ဦးစလုံးကို ဒီနေ့အထိ တိုက်ပိတ်ထားပြီး နှစ်ရက်တည်းနဲ့ ရုံးထုတ်အမိန့်ချခဲ့တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"သူတို့ကို ဧပြီလ ၁၈ ရက်နေ့ ဖြစ်စဉ်ဖြစ်ပြီး နောက်နေ့ကစပြီး တိုက်ပိတ်ထားတယ်။ ရေချိုးခွင့်တောင် မေလ ၁၉ ရက်နေ့ နောက်ပိုင်းမှ ရေချိုးချိန်တစ်ချိန်ပဲ ထွက်ရတယ်။ ဘယ်သူမှမသိတဲ့အချိန် အကျဉ်းသားတွေတောင် မသိတဲ့ချိန်မှာ ခေါ်ထုတ်သွားတာ။ နှစ်ရက်ပဲ ရုံးထုတ်ပြီး အမိန့်ချလိုက်တာပါ။ သူတို့အကုန်လုံးက ချလိုက်တဲ့ ပြစ်ဒဏ်ရော၊ ပုဒ်မရော အတူတူပါပဲ"

ထောင်ဒဏ် ထပ်တိုးချမှတ်ခံရသူတွေဟာ မူလကျခံနေရတဲ့ ထောင်ဒဏ်ပြည့်သွားပြီးရင် ထပ်တိုးချခံထားရတဲ့ ထောင်ဒဏ် သုံးနှစ်ခြောက်လကို လျှော့ရက်မရှိ ကျခံရမှာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် ထောင်တွင်းဆန္ဒပြမှုဖြစ်ပြီးနောက် ထောင်းတွင်းလုံခြုံရေးကို အထူးတင်းကျပ်ထားသလို ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူတွေကိုလည်း မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့်၊ အစားအသောက်နဲ့ ဆေးဝါးပို့ဆောင်ခွင့် ဒီနေ့အထိ ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒီအပေါ်တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ တရားမျှတမှုမရှိဘူးဆိုပြီး ထောင်တွင်းဆန္ဒပြမှုလုပ်ခဲ့တဲ့အပေါ် ထောင်ဝန်ထမ်းတွေက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် အကျဉ်းသားငါးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org