မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ ကုလရုံးရှေ့မှာ စာတန်းချိတ် ဆန္ဒပြ

2022.09.04
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်ထားဖို့ ကုလရုံးရှေ့မှာ စာတန်းချိတ် ဆန္ဒပြ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) အဖွဲ့က စာတန်းချိတ်ဆွဲဆန္ဒပြခဲ့စဉ်။
Photo: စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY)

မကြာခင် ကျင်းပဖို့ရှိနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ စက်တင်ဘာ ၄ ရက်နေ့မနက်က စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ပါတယ်။

တရားမျှတမှုအတွက် ကုလသမဂ္ဂရဲ့ ဖြစ်တည်မှုကို သက်သေပြပါ - "UN Prove your existence for justice" ဆိုတဲ့ စာတန်းကို ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ချိတ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပြီး စစ်ကောင်စီရဲ့ကိုယ်စားလှယ်ကို လက်မခံဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတစ်ယောက်က ပြောပါတယ်။

"မြန်မာပြည်သူတွေရဲ့ အသံတွေ၊ ခံစားနေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အသံထုတ်နိုင်ဖို့ နည်းလမ်းတစ်ခု ဖြစ်မယ်။ ဒါ့အပြင် အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာအသိအမှတ်ပြုခြင်း မပြုခြင်းဆိုတဲ့ ကိစ္စရပ်ဟာလည်း မူတည်နေတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း UN မှာ ဆက်လက်တည်ရှိနေရေးကို ဦးတည်လိုပါတယ်"

စက်တင်ဘာလထဲမှာ ကျင်းပမယ့် ကမ္ဘာ့ ကုလသမဂ္ဂအထွေထွေညီလာခံမတိုင်ခင်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့်သူကို ရွေးချယ်ဖို့ ရှိနေပြီး အဲဒီမှာ စစ်ကောင်စီဘက်ကလည်း ကိုယ်စားပြုခွင့်ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတော့ မြန်မာကိုယ်စားလှယ်စိစစ်ရေးကို ဆိုင်းငံ့ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ဆက်လက်ကိုယ်စားပြုခွင့် ရခဲ့တာပါ။

လက်ရှိမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ဖို့ မြေပြင်မှာ လှုပ်ရှားတောင်းဆိုမှုတွေ ရှိနေသလို အင်တာနက်အွန်လိုင်းမှာလည်း Facebook လူမှုကွန်ရက်မှာ Profile Frame ပြောင်းပြီး တောင်းဆိုတာတွေ၊ ဆန္ဒသဘောထား လက်မှတ်ကောက်ခံတာတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။