လားရှိုး ရမခ သိမ်းပိုက်ခံရပြီးနောက် စစ်တပ်ထောက်ခံသူတွေ MNDAA ကို ဆန္ဒပြ

ရန်ကုန်နဲ့ နေပြည်တော်မှာ စစ်တပ်ထောက်ခံသူတွေက ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ ဩဂုတ်လ ၆ ရက်နေ့ ပြုလုပ်ခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင်ကြောင်း ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့၊ ရန်ကုန်မြို့နှင့် နေပြည်တော်တွင် ဆန္ဒပြကြစဉ်။ Telegram/ People Media

အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သိမ်းပိုက်ခံရပြီးနောက် ရန်ကုန်နဲ့ နေပြည်တော်မှာ စစ်တပ်ထောက်ခံသူတွေက ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲတွေ ဩဂုတ်လ ၆ ရက်နေ့ ပြုလုပ်ခဲ့ကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံရတဲ့အပေါ်ရှုံ့ချကြောင်းနဲ့ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကို အမြစ်ပြတ် ချေမှုန်းပေးဖို့ဆိုပြီး ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြချိန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ပြီး ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်က လုံခြုံရေးယူပေးထားတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"စစ်ကောင်စီတပ်သားတွေ လုံခြုံရေး ယူထားပေးတာ တွေ့တယ်။ ဆန္ဒပြပွဲလုပ်တဲ့အချိန်ကို ရန်ကုန်မြို့တော်ခန်းမရှေ့က လမ်းတချို့လည်း ယာယီပိတ်တယ်။ စစ်ကောင်စီက စီစဉ်ပေးပြီး ဆန္ဒပြဖို့ အင်အားဖြည့်ထားပုံရတယ်"

ဆန္ဒပြပွဲမှာ စစ်တပ်ထောက်ခံသူတွေအပြင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်တယ်လို့ သူကပြောပါတယ်။

MNDAA တပ်ဖွဲ့ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ချိန် စစ်ဆေးရုံမှာရှိတဲ့ အရပ်သားနဲ့ တပ်မိသားစုတွေကို သတ်ဖြတ်ခဲ့တယ်လို့ ဆန္ဒပြပွဲအတွင်းက ဟောပြောပွဲမှာ ထည့်သွင်းပြောဆိုပါတယ်။

MNDAA ကတော့ ဩဂုတ်လ ၃ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချပြီး သူ့တပ်ဖွဲ့က တပ်မိသားစုဝင်၊ ဒဏ်ရာရသူတွေကို စွန့်ခွာထွက်ပြေးသွားတာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မန္တလေးတိုင်း မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို MNDAA၊ TNLA နဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org