သီပေါထောင်က အကျဉ်းသားတစ်ရာကျော်ကို ကယ်ထုတ်ထားကြောင်း TNLA ပြော

ကယ်ထုတ်ခဲ့တဲ့ အကျဉ်းသား ၁၀၉ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်လောက်ပါတယ်ဆိုတာကို မသိရသေးဘဲ စီစစ်နေဆဲဖြစ်တယ်တယ်လို့လည်း လွေးယေဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် သီပေါအကျဥ်းထောင်မှ TNLA တပ်ဖွဲ့ ကယ်ထုတ်ထားသော အကျဉ်းသားများအား တွေ့ရစဉ်။ Shwe Phee Myay

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါအကျဉ်းထောင်ကနေ အကျဉ်းသား ၁၀၉ ဦးကိုကယ်ထုတ်ထားပြီး စီစစ်နေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တာဝန်ရှိသူတွေက ဩဂုတ်လ ၁၀ ရက်နေ့က ပြောပါတယ်။

အကျဉ်းသားတွေ ကယ်ထုတ်ထားတဲ့အခြေအနေကို TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက RFA ကို ပြောပါတယ်။

"ဒီကနေ့မှာတော့ သီပေါမှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်၊ တိုက်ပွဲဖြစ်တဲ့နောက်မှာတော့ အကျဉ်းထောင်က ပွင့်သွားတာပေါ့၊ အကျဉ်းထောင်ပွင့်သွားပြီးနောက် အကျဉ်းသားတွေက ထွက်ပြေးသွားကြတယ်၊ ကျွန်မတို့က လိုက်လံဖမ်းဆီးပြီးတော့မှ လက်ရှိကတော့ သူတို့ကို ထိန်းသိမ်းထားဆဲဖြစ်ပါတယ်၊ အားလုံးပေါင်းက ၁၀၉ ဦးရှိပါတယ်"

ဒီ ၁၀၉ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်လောက်ပါတယ်ဆိုတာကို မသိရသေးဘဲ စီစစ်နေဆဲဖြစ်တယ်တယ်လို့လည်း လွေးယေဦးက ပြောပါတယ်။
ဒေသအခြေစိုက် ရွှေဖီမြေသတင်းဌာနမှာတော့ နိုင်ငံရေးအကျဉ်းသား ၂၉ ဦးပါဝင်တယ်လို့ ရေးသားထားပါတယ်။

လက်ရှိသီပေါမြို့ပေါ်ရှိ ရဲစခန်း၊ အကျဉ်းထောင်နဲ့ စစ်ကောင်စီစခန်းတချို့ကို သိမ်းယူနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ TNLA ပြောခွင့်ရ လွေးယေဦးကတော့ အကျဉ်းထောင်အနီးတစ်ဝိုက်နဲ့ စံဖိတ်ကျေးရွာအနီးနဲ့ တိုးဂိတ်တွေမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

သီပေါအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်သွားတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

တိုက်ပွဲကြောင့် သီပေါမြို့က လူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မြို့ကိုစွန့်ခွာပြီး မန္တလေး၊ တောင်ကြီးနဲ့ ရန်ကုန်အပါအဝင် ဘေးလွတ်ရာဒေသတွေကို ပြောင်းရွှေ့သွားကြတယ်လို့ ဆိုပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မိုးမိတ်၊ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို သိမ်းပိုက်ခဲ့ပြီး နောင်ချိုမြို့ကိုတော့ မန္တလေးတိုင်း PDF အဖွဲ့နဲ့အတူ သိမ်းပိုက်ခဲ့ထားတာကြောင့် လက်ရှိ မြို့ပေါင်း ၁၁ မြို့အထိ သိမ်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org