သဘာဝဘေးဒဏ်သင့်သူများအတွက် အမေ့အိမ်ကျောင်းမှာ ဆုတောင်းပွဲကျင်းပ
ရှမ်းပြည်နယ် တာလေငလျင်နဲ့ ဂျပန်ဆုနာမိဒဏ်တွေကြောင့် ဒုက္ခရောက်ရသူတွေအတွက် ဆုတောင်းပွဲတခုကို လူငယ်ကွန်ရက်အဖွဲ့က ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က အမေ့အိမ် စာသင်ကျောင်းမှာ ဒီနေ့ ဧပြီ ၂၀ ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
-
2011-04-20 -
-
-
ကလေးတွေအနေနဲ့ ငယ်စဉ်ဘဝကတည်းက လူသားချင်း စာနာထောက်ထားတတ်တဲ့ စိတ်ဓာတ်တွေ ရှိလာအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို ပြုလုပ်တာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“အစီအစဉ်ကတော့ဗျာ၊ ပထမ ကလေးတွေက ဆုတောင်းတယ်၊ ရည်ရွယ်ချက်ကတော့ အဓိက စာနာ ထောက်ထားစိတ်ကလေးတွေ ပေါ်ဖို့၊ ဒီ ပညာဒါနကျောင်းလေးဟာ အသိဉာဏ်ပညာ ပွင့်လင်းရေးအတွက် ကျွန်တော်တို့က သင်ကြားတာကိုး။ အသိဉာဏ်ပညာ ပွင့်လင်းမှသာလျှင် အမှားအမှန်ကို ဆုံးဖြတ်နိုင်မယ်၊ ဆုံးဖြတ်တဲ့နေရာမှာ စာနာထောက်ထားစိတ် ရှိဖို့ ဆိုပြီးတော့ ဒီလို လူသားချင်း စာနာထောက်ထားမှု ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဆုတောင်းပွဲလေး ကျင်းပတဲ့ ရည်ရွယ်ချက်ကို လူကြီးတွေက ပြောပြတယ်၊ ပြီးရင် တဦးချင်းစီရဲ့ သူတို့ရဲ့ ခံစားချက်လေးတွေကို ပြောတယ်။”
အမေ့အိမ် ကျောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စပြီး ဖွင့်လှစ်ခဲ့တာပါ။ ကျောင်းဖွင့်စမှာ ကျောင်းသား ကျောင်းသူ ၂၀၀ ကျော် တက်ရောက်နေပြီး နောက်ပိုင်းမှာ အာဏာပိုင်တွေရဲ့ ဟန့်တားမှုကြောင့် ကျောင်းကို ပိတ်ခဲ့ရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်မှု အဆင်ပြေသွားတဲ့အတွက် မတ်လထဲမှာ ပြန်ဖွင့်နိုင်ခဲ့ပြီး အခုတော့ ကလေးတွေကို အေးအေးဆေးဆေး ပညာသင်ပေးနေတယ်လို့ သိရပါတယ်။