ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ
ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်ကို ဇွန် ၁ ရက်နေ့ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။
-
RFA Burmese
2024-06-01 -
-
-
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်ကို ဇွန်လ ၁ ရက်နေ့ စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရွာကို လေကြောင်းနဲ့ ဗုံးငါးလုံးခန့် ကြဲခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မောင်ကျော်လွင် နေရာမှာတင်သေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရွာထဲကို နှစ်ကြိမ် လာရောက်ပစ်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေထဲကတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နှစ်ခါပတ်ပြီး ကြဲချတာရွာထဲကို ဗုံးငါးလုံး၊ ခြောက်လုံးလောက်ကျတယ်။ ကလေးတစ်ယောက်ကတော့ နေရာမှာတင် ဆုံးသွားတယ်။ သေသွားတဲ့ကလေးရဲ့ အမေရော၊ နောက်ထပ်အမျိုးသမီးနှစ်ဦးရော ထိခိုက် ဒဏ်ရာထားတယ်။ တစ်ဦးကတော့ စိုးရိမ်ရတယ်လို့သိရတယ်”
အသက် ၄၀ ကျော်အရွယ် ဒေါ်မဲမ၊ အသက် ၁၄ နှစ်အရွယ် မစုမြတ်ဦးနဲ့ အသက် ၂၀ အရွယ် မအေးအေးဖြူတို့ ဒဏ်ရာရခဲ့ပြီး မအေးအေးဖြူကတော့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာပဲ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ရွာကိုပါ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၃၀ ကနေ ၈၀ အရွယ်အကြားရှိတဲ့ ကိုဦးသန်းမောင်၊ ဦးကျော်ဇံသာနဲ့ ဦးဦးလှအောင်တို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါဝယ်။
ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီ ရခိုင်ပြည်နယ်ပြောခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူပေါင်းငါးထောင်ကျော် ( ၅,၁၇၃) ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။