အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော် ထောင်ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော်ကို ဇွန် ၂၃ ရက် မနက်မှာ ဒိုက်ဦးနဲ့ သာယာဝတီထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။

ရန်ကုန်တိုင်း၊ အင်းစိန်ဗဟိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားနှစ်ရာကျော်ကို ဇွန်လ ၂၃ ရက် ဒီနေ့ မနက်ပိုင်းမှာ ဒိုက်ဦးထောင်နဲ့ သာယာဝတီထောင်တွေဆီ ပြောင်းရွှေ့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ကားငါးစီးနဲ့ ခေါ်ယူသွားတာဖြစ်ပြီး ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ နာမည်အတိအကျကိုတော့ လတ်တလော မသိရသေးပါဘူး။

ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် သပိတ် လှုပ်ရှားမှုမှာပါဝင်ခဲ့သူတချို့ ထောင်ပြောင်းရွှေ့ခံရတဲ့အထဲ ပါနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"ဒေါ်စုမွေးနေ့ ထောင်တွေထဲမှာ သပိတ်လှုပ်ရှားမှုတွေလည်းရှိခဲ့တော့ သူတို့က အဲဒီလူတွေကို ထောင်ပြောင်းပြီး လူစုခွဲတဲ့ သဘောပေါ့။ လာမဲ့ ဇူလိုင်မှာလည်း 7 july (ဆဲဗင်းဂျူလိုင်)၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွေလည်း ရှိသေးတော့ အင်အားကို ခွဲလိုက်တဲ့သဘောပေါ့"

ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေရဲ့ အသေးစိတ်အချက်အလက်ကို စုံစမ်းနေတယ်လို့လည်း ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၆,၉၀၀ ဦး) ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org