သာယာဝတီထောင်မှာ အရေပြားရောဂါဖြစ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုခွင့်မရ

သာယာဝတီအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ အရေပြားကူးစက်ရောဂါခံဖြစ်နေပြီး ဆေးကုသခွင့်မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရသည့် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ရှေ့မြင်ကွင်း။

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ အရေပြားကူးစက်ရောဂါခံဖြစ်နေပြီး ဆေးကုသခွင့်မရဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က RFA ကို ပြောပါတယ်။

လက်နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတချို့မှာ အရေပြားယားယံတာ၊ အနာတွေဖြစ်တာနဲ့ တစ်ဦးနဲ့တစ်ဦး ကူးစက်မှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

အကျဉ်းထောင်ထဲမှာ အကျဉ်းသားများပြားပြီး သောက်သုံးရေ မလုံလောက်တာ၊ ရေမသန့်ရှင်းတာတွေကြောင့် အရေပြားရောဂါ ဖြစ်နေကြတယ်လို့ PPNM ဦဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

"သာယာဝတီ အကျဉ်းထောင်မှာ ဆရာဝန် အင်အားလောက်ငမှု မရှိဝာာပေါ့။ အကျဉ်းသားတွေကို ကုသနိုင်ဖို့ စနစ်တကျမရှိဘူး။ ယားနာ ကိစ္စတွေမှာသော်လည်းကောင်း၊ တခြား ကျန်းမာရေးကိစ္စမှာလည်းကောင်း ဆရာဝန်တွေလုံလုံ လောက်လောက်မရှိဘူး။ ရှိတဲ့ဆရာဝန်တွေကလည်း သေသေချာချာ ကုပေးတာမရှိဘူး”

သာယာဝတီအကျဉ်းထောင်ထဲမှာ အရေပြားရောဂါ ကူးစက်ခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် ကိုတော့ အသေးစိတ်မသိရသေးဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း သာယာဝတီထောင်မှာ အကျဉ်းသားတွေ ထပ်တိုးရောက်လာတာကြောင့် နိုင်ငံရေး အကျဉ်းသားတွေအပါအဝင် အကျဉ်းသား သုံးထောင်ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း အကျဉ်းထောင်တွေမှာ ဆေးဝါး စောင့်ရှောက်မှု မလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦး ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့ ခြောက်ဖွဲ့က ဩဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org