အရပ်ကားသုံးတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ငါးဦး သေဆုံး

2022.01.18
အရပ်ကားသုံးတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ငါးဦး သေဆုံး
PDF/တမူး

စစ်ကိုင်းတိုင်း ကလေး-တမူး ကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်လာတဲ့ အရပ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တမူးဒေသခံ ခုခံကာကွယ်ရေးတပ် PDF တပ်ရင်း-၃ က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တမူးကနေ ကလေးမြို့ကို အိမ်စီးကား ပါကျဲရိုးနဲ့အသွား ရန်လင်းဖိုင်ရွာနဲ့ ဝိတုပ်ရွာနားအရောက်မှာ မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ကားပေါ်ပါလာတဲ့ ကလေးခရိုင် မူးယစ်ဖွဲ့စုမှူး ရဲမှူးသောင်းမြင့်၊ ဒု-ရဲမှူး ဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ ရဲတပ်ကြပ် ဇော်မင်းအောင်နဲ့ ဒုရဲတပ်ကြပ် ကျော်ဇင်ထိုက် စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ တမူး PDF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ခြောက်လုံးပြူး တစ်လက်၊ MA-13 နှစ်လက်၊ ကျည်ဆံနဲ့ အခြားရဲတပ်ဖွဲ့သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း PDF ဘက်က တစ်ယောက်မှ ထိခိုက်သေဆုံးတာ မရှိဘူးလို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ တမူး- ကလေးလမ်းမှာ သူတို့တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ ဘာမှ ထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်စီးကားတွေသုံးပြီး လှုပ်ရှားနေတာကြောင့် မှားယွင်းပစ်ခတ်မှုတွေမဖြစ်ရအောင် ပြည်သူတွေအနေနဲ့ အိမ်စီးကားနဲ့ ခရီးသွားမယ်ဆိုရင် ကားမှန်တွေဖွင့်ထားပေးဖို့ တမူး PDF က တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။