ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ ရှုတ်ချ

ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှ အပါအဝင် ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

လူ ၁၇၀ နီးပါးသေဆုံးခဲ့တဲ့ ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှုဟာ အရပ်သားတွေကို ထိခိုက်နစ်နာစေလို့ ဒီလိုတိုက်ခိုက်မှုအပါအဝင် ဘယ်လိုအင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို ကန့်ကွက်ရှုတ်ချတယ်လို့ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဧပြီလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေစုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က အခုလိုထုတ်ပြန်ခဲ့တာပါ။

ဒီအဖွဲ့ထဲမှာ စစ်ကောင်စီနဲ့ ငြိမ်းချမ်ရေးဆွေးနွေးနေတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့လည်း ပါဝင်ပါတယ်။

PPST အနေနဲ့ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေလုပ်ပြီး လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းမယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် အခုဖြစ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းကို ပဋိပက္ခတွေမှာပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးက ဝိုင်းဝန်း အဖြေရှာကြဖို့လည်း PPST ကတိုက်တွန်းထားပါတယ်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့နဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ စတဲ့မူတွေအပေါ် PPST ကရပ်တည်ပြီး ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်ပြီးကြိုးပမ်းမယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PPST ရဲ့ မီဒီယာပြောရေးဆိုခွင့်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org