ပုလဲမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၁၂ ဦး ရှိလာ

ပုလဲမြို့နယ်က ညောင်ကုန်းနဲ့ ပိတောက်ကုန်းရွာမှာ ဇွန် ၂၇ ရက်ညနေက စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပါတယ်။

ပုလဲမြို့နယ် ညောင်ကုန်းရွာ ၂ဝ၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ညောင်ကုန်းနဲ့ ပိတောက်ကုန်းရွာမှာ ဇွန်လ ၂၇ ရက် မနေ့ညနေက စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ကုန်းရွာက ၁၁ ဦးနဲ့ ပိတောက်ကုန်းရွာက တစ်ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့တာပါ။ နောက်ထပ် ခြောက်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

မနေ့က ညနေ သုံးနာရီခွဲမှာ စစ်ကောင်စီလေတပ်က ညောင်ကုန်းရွာဘုန်းကြီးကျောင်း တစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံး သုံးလုံး ကြဲချခဲ့တာကြောင့် သံဃာတစ်ပါးနဲ့ အရပ်သား ၁၀ ဦး သေဆုံးခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ညောင်ကုန်းရွာက ကျောင်းဆရာမ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်မက ကလေးတွေကို ကျောင်းမှာ စာသင်နေတဲ့အချိန်၊ ခါတိုင်းဆို လေယာဉ်သံက ကြားရတယ်။ အခုက မကြားရဘဲ ဗုံကြဲပြီး ပေါက်ကွဲတော့မှ သိလိုက်ရတာ။ ပေါက်ကွဲတဲ့ အစတွေနဲ့ မြေမှုန်တွေက ကျွန်မတို့ ကျောင်းဘက်ကို လွင့်လာတယ်။ ကျွန်မ ပေါက်ကွဲခဲ့ တဲ့ နေရာတွေရောက်တော့ လူတချို့က သေနေပြီ။ တချို့က ဒဏ်ရာရလို့ အရေးပေါ် ဆေးကုသမှု ပေးနေကြတယ်”

ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်တော် ၅၅ နှစ်အရွယ် ဆရာတော် ဦးခေမာ၊ အသက် ၃၅ နှစ်အရွယ် မမြင့်မြင့်နွယ်နဲ့ ကိုဇော်လင်း၊ အသက် ၆၀ အရွယ် ဦးစိုးကြီး၊ အသက် ၄၅ နှစ်အရွယ် ဦးကျော်မြင့်ဝင်း၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၄၁ နှစ်အရွယ် ဦးမင်းစိုး၊ အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်၊ အသက် ၇၀ အရွယ် ဦးသန်းဆောင်တို့ ကိုးဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် မဟန်နီဇော်နဲ့ အသက် ၄၈ နှစ်အရွယ် ဦးကျော်ဝင်း တို့ကတော့ ဒဏ်ရာပြင်းထန် တာကြောင့် ပုလဲမြို့နယ် ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ မနေ့ညက သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ညောင်ကုန်းတစ်ရွာတည်းကတင် သေဆုံးသူ ၁၁ ဦး ရှိပါတယ်။

သေဆုံးသူ ၁၁ ဦးအထဲက ဆရာတော် ဦးခေမာ၊ ဦးကျော်မြင့်ဝင်း၊ ဦးစိုးကြီး၊ ဒေါ်တင်ညွန့်နဲ့ ဦးမင်းစိုး တို့ဟာ ဆွေမျိုးရင်းချာတွေဖြစ်ပြီး ဘုန်းကြီးကျောင်းအနီးက နေအိမ်တစ်လုံး တည်းမှာ အတူရှိနေချိန် ဗုံးကြဲခံရလို့ တစ်နေရာတည်း၊ တစ်ချိန်တည်းမှာ သေဆုံးခဲ့တာပါ။

ရုပ်အလောင်းတွေကို ဇွန်လ ၂၇ ရက် မနေ့ညကပဲ ချက်ချင်း သင်္ဂြိုဟ်လိုက်ပြီး ဒဏ်ရာရတဲ့ အရပ်သား ခြောက်ဦး ကိုတော့ ရွာမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကုပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီရွာမှာ PDF နဲ့စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ ရွာထဲကို Yak 130  တိုက်ခိုက်ရေးလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ အနီးတစ်ဝိုက်က နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မနေ့ညနေကပဲ ပုလဲမြို့နယ် မြောက်ယမားဆည်အနီးက ပိတောက်ကုန်းရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖုန်းဆက်သွယ်ရ ခက်ခဲတာကြောင့် ပိတောက်ကုန်းရွာက သေဆုံးသူနဲ့ ဒဏ်ရာရသူရဲ့ အမည်နဲ့ အသက်အရွယ်ကို အတိအကျ မသိရသေးပါဘူး။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ရှိပြီး သေဆုံးသူ ၂၉၂ ဦး ရှိတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org