ပုလဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်က လေကြောင်းသုံးတိုက်ခိုက်
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ မြေပြင်မှာ တိုက်ပွဲဖြစ်နေချိန် လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 15 နဲ့ Mi 30 နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ပုလဲမြို့နယ်အခြေစိုက် ဂဠုန်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ဂဠုန်က RFA ကို ပြောပါတယ်။
- 2022-10-27
-
-
-
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် သဲပြင်ကျယ်ကျေးရွာနဲ့ အိုင်းမကျေးရွာအကြားမှာ အောက်တိုဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တွေအကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ် ခဲ့တာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ မြေပြင်မှာ တိုက်ပွဲဖြစ်နေချိန် လေကြောင်းကနေ တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 15 နဲ့ Mi 30 နှစ်စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ပုလဲမြို့နယ်အခြေစိုက် ဂဠုန်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ဂဠုန်က RFA ကို ပြောပါတယ်။
“မဟာမိတ်တပ်ပေါင်းစုအဖွဲ့က လက်နက်ကြီးမှန်လို့ ရဲဘော်နှစ်ယောက် ထိခိုက်ဒဏ်ရာ ရပါတယ်။ ယမ်းစ မှန်တာပါ။ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။ ဂျက်ဖိုက်တာက ပထမ တစ်စင်း အရင်လာတယ်။ အဲဒါက ၁၀ မိနစ် လောက်ကြာတယ်။ နောက်တစ်စင်းက တော့ မိနစ် ၂၀ လောက်ကြာတယ်ခင်ဗျ”
စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတိုက်ခိုက်သူတွေထဲ ပုလဲမြို့နယ်တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ဒေါင်းနက်အဖွဲ့၊ ကျားသစ်နက်အဖွဲ့ နဲ့ တခြားတွေဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးနယ်မြေရှင်းလင်းရေးလုပ်နေတဲ့ တပ်ဖွဲ့က တပ်မ - ၇၇ နဲ့ တပ်မ - ၉၉ ကလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောဆိုပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီပြောခွင့်ရ စစ်ကိုင်းတိုင်း လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်တုန်းက ပုလဲမြို့နယ် ဖလံပင်ကျေးရွာမှာရှိတဲ့ ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ စုပေါင်းရုံးကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုစီးနင်းခဲ့တယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။