ပခုက္ကူမြို့က ရဲကင်းစခန်းတစ်ခု တိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူမြို့ ရဲကင်းစခန်းတစ်ခုကို မြို့ပြ ပြောက်ကျားအဖွဲ့က ဇန်နဝါရီ ၂၁ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

မကွေးတိုင်း ပခုက္ကူမြို့တစ်နေရာကို တွေ့ရစဉ်

မကွေးတိုင်း ပခုက္ကူမြို့ တပ်မလမ်းပေါ်မှာရှိတဲ့ ရဲကင်းစခန်းတစ်ခုကို ပခုက္ကူမြို့နယ်ထဲက မြို့ပြ ပြောက်ကျားအဖွဲ့ သုံးဖွဲ့က ဇန်နဝါရီ ၂၁ ရက် ညနေ လေးနာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတစ်ဦး က ပြောပါတယ်။
 
အဲဒီရဲကင်းစခန်းဟာ ပခုက္ကူ မြို့မရဲစခန်းအနီးမှာရှိပြီး လုံခြုံရေးစစ်ဆေးနေတဲ့ ဂိတ်လည်း ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
"ရဲတစ်ဦး သေတယ်။ သုံးဦးဒဏ်ရာရတယ်။ ညကျတော့ မြို့ရှောင်လမ်းဘက်မှာ သေနတ်တွေ ဖောက်တာ ကြားရတယ်"
 
ပခုက္ကူ မြို့ပြပြောက်ကြား မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Young Force - UG၊ Earthquake People's Defence Force - UG နဲ့ Defence Team Pakokku တို့က အဲဒီရဲကင်းစခန်းကို ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဇန်နဝါရီ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
 
အဲရဲကင်းစခန်း တိုက်ခိုက်ခံရတာ၊ ထိခိုက်သေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး RFA က သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
 
လက်ရှိစစ်ကောင်စီတပ်တွေဟာ ပခုက္ကူမြို့နဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ မြိုင်မြို့နယ်ထဲကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့အတွက် PDF မဟာမိတ်တပ်ဖွဲ့ဝင်တွေက အဲဒီရဲကင်းစခန်းကို ခုလိုဝင်တိုက်တာဖြစ်နိုင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
 
ပခုက္ကူမြို့ဟာ မြိုင်၊ ရေစကြို၊ ပေါက် စတဲ့မြို့နယ်တို့နဲ့ နယ်မြေချင်းထိစပ်နေပြီး စစ်ကောင် စီ တပ်ဖွဲ့ဝင် တွေက ဇန်နဝါရီ ၁၅ ရက်ကစပြီး လုံခြုံရေးအထူးတင်းကျပ်ထားကာ မြို့အဝင် အထွက် လမ်းဆုံတွေမှာ လည်း CCTV ကင်မရာတွေ တပ်ဆင်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org