ကယားမှာ အာဏာသိမ်း ၁၉ လအတွင်း အရပ်သား ၃၂၀ ကျော် သေဆုံး

ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ ဩဂုတ်လ ၃၁ ရက် မနေ့ကအထိ အချိန် ၁၉ လတာကာလအတွင်း အရပ်သား ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါပါပကျေးရွာမှ ထွက်ပြေးနေရသည့် ဒေသခံများအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ် Photo: KNDF

ကယားပြည်နယ်မှာ အာဏာသိမ်းချိန်ကနေ ဩဂုတ်လ ၃၁ ရက် မနေ့ကအထိ အချိန် ၁၉ လတာကာလအတွင်း အရပ်သား ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က စက်တင်ဘာလ ၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

သေဆုံးသူ ၃၂၂ ဦးထဲမှာ တိုက်ပွဲဖြစ်စဉ်အတွင်း သေဆုံးသူနဲ့ စစ်ကောင်စီက ဖမ်းဆီးပြီး နောက် သတ်ဖြတ်ခံရသူ ၂၆၁ ဦးရှိခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရင်း သေဆုံးသူ ၆၁ ဦး ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

PKPF ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၂၅၅ ဦး ရှိခဲ့တာကြောင့် တစ်လအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ခြောက်ဦး တိုးလာတာလည်း ဖြစ်ပါတယ်။

အလားတူ အိုးအိမ်စွန့်ခွာထွက်ပြေးရင်း သေဆုံးသူက ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့အထိ ၃၈ ဦး ရှိခဲ့ရာကနေ ဩဂုတ်လ ၃၁ ရက်နေ့မှာ ၆၁ ဦး ရှိလာတာကြောင့် တစ်လအတွင်း ၂၃ ဦးထိ တိုးလာပါတယ်။ အချိန် ၁၉ လ အတွင်း မတရားဖမ်းဆီးခံထားရသူကတော့ ၁၆၁ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်အရေး ကူညီပေးနေသူတွေကတော့ ဒုက္ခသည်စခန်းတွေမှာ ဆေးဝါးနဲ့ စားသောက်ကုန်တွေ ပြတ်လပ်နေတာကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်အချို့ သေဆုံးမှုတိုးလာတယ်လို့ RFA ကို ပြောပါတယ်။

PKPF ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၁၉ လအတွင်း တိုက်ပွဲပေါင်း ၄၅၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လေကြောင်း တိုက်ခိုက်ခံရမှုက ၁၅၈ ကြိမ်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၅၁ ဦး သေဆုံးခဲ့ရပြီး စစ်ကောင်စီ ဘက်က ၁၄၉၉ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ၁၉ လတာကာလအတွင်း ဘာသာရေး အဆောက်အအုံပေါင်း ၂၅ လုံးနဲ့ လူနေအိမ် ၁၁၈၀ လုံး ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

PKPF ရဲ့ အရပ်သားသေဆုံးမှု ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ဟာ အရပ်သားတွေမဟုတ်ဘဲ PDF အဖွဲ့ဝင်တွေသာ ဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ကယားပြည်နယ်မှာ အာဏာသိမ်း ၁၉ လတာအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတောနဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တွေကနေ နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည် ၂၁၀,၀၀၀ အထိ ရှိတယ်လို့ ကရင်နီပြည်နယ် အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org