မြ၀တီ ကျားဖြန့်ဂိုဏ်းက နိုင်ငံသားတွေ ကယ်ထုတ်ရေး သီရိလင်္ကာ တောင်းဆို

မြ၀တီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ လူကုန်ကူးခံထားရတဲ့ သီရိလင်္ကာနိုင်ငံသား ၁၈ ဦးကို အမြန်ဆုံး ကယ်တင်နိုင်ဖို့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

ထိုင်း - မြန်မာ နယ်စပ်၊ တာချီလိတ်မြို့ 1G1 ဟိုတယ်အနီးရှိ တရားမဝင် ကျားဖြန့်လုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့စဉ်။ Telegram/ People Media

ကရင်ပြည်နယ်၊ မြ၀တီမြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ လူကုန်ကူးခံထားရတဲ့ သီရိလင်္ကာနိုင်ငံသား ၁၈ ဦးကို အမြန်ဆုံး ကယ်တင်နိုင်ဖို့အတွက် အကူအညီပေးဖို့ သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို တောင်းဆိုထားကြောင်း သီရိလင်္ကာသတင်း The Island က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ဖော်ပြပါတယ်။

သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဗစ်ဂျီသာ ဟေးရက်သ် (Vijitha Herath) က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်တောင်းဆိုခဲ့တာဖြစ်ကြောင်း သီရိလင်္ကာ နိုင်ငံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

အဓမ္မဖမ်းဆီးခံထားရတဲ့ သီရိလင်္ကာနိုင်ငံသား ၁၈ ဦးဟာ လူကုန်ကူးသူတွေရဲ့ နှိပ်စက်ညှဉ်းပန်းမှုခံနေရတယ်လို့လည်း ဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်က ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အကူအညီနဲ့ သီရိလင်္ကာနိုင်ငံသား ၉၁ ဦးကို မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေက ပြန်လည်ကယ်တင်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သီရိလင်္ကာအစိုးရဟာ မြန်မာနိုင်ငံက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေတဲ့ နေရာတွေမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေးမှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံနဲ့လည်း ဇန်နဝါရီ ၉ ရက်နေ့က ဆွေးနွေးခဲ့ပါတယ်။

သီရိလင်္ကာနိုင်ငံသား အိုင်တီပညာရှင်တွေကို ယူအေအီးနိုင်ငံကနေတစ်ဆင့် မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ် လုပ်ငန်းတွေဆီကို လူကုန်ကူးမှုတိုးမြင့်လာတဲ့အကြောင်း သီရိလင်္ကာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org