ကျောက်ကြီးမြို့နယ်မှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) က စက်တင်ဘာ ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်မှ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တမာခေါနှင့် တောင်စုကျေးရွာမှ ဒေသခံများကို ထွက်ခွာရန် နှင်ထုတ်ခြင်းကြောင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က ရွှေ့ပြောင်းနေကြစဉ်။ Photo: KNU

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းကိုနင်းမိပြီး အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းရုံး (KNU) က စက်တင်ဘာ ၂၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် ကျွန်းပင်ဆိပ်ရွာသား အသက် ၂၅ နှစ်အရွယ် စောအားထော်မူးဟာ စက်တင်ဘာ ၂၂ ရက် မနေ့က မနက်အစောပိုင်းမှာ ကျွန်းပင်ဆိပ်ရွာ ကွက်သစ်က ဒေသခံတွေ လှုပ်ရှားသွားလာလေ့ရှိတဲ့ လမ်းမှာပဲ မိုင်းနင်းမိတာလို့ ဆိုပါတယ်။

အဲဒီရွာအနီးတစ်ဝိုက်မှာတော့ စစ်ကောင်စီတပ် ခမရ-၆၀၃ က သွားလာလှုပ်ရှားမှုတွေ ရှိနေတယ်လို့ KNU က ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

သေဆုံးသူ စောအားထော်မူးမှာ ဇနီးဖြစ်သူနဲ့ အသက် တစ်နှစ်နဲ့ကိုးလအရွယ် သမီးလေး တစ်ဦး ကျန်ရစ်တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လူငယ်တွေကို မကြာခဏ ဖမ်းဆီး စစ်ဆေးတာတွေရှိသလို စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း တောင်စုရွာ ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး စက်တင်ဘာ ၁၂ ရက်နေ့မှာ တခေါ့ပွာ ရွာသားတစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်လို့ သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်က ဃိုးလူရွာကိုလည်း စက်တင်ဘာ ၂၀ ရက် နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခု စက်တင်ဘာလဆန်းပိုင်းကစလို့ စစ်ကောင်စီတပ်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့တွေမှာ ထိုးစစ်ဆင်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်တွေမှာ စက်တင်ဘာ ၁ ရက်နေ့ကနေ စက်တင်ဘာ ၁၉ ရက်နေ့ထိ နေ့ရပ်စွန့်ခွာထွက်ပြေးနေရတဲ့ လူဦးရေ စုစုပေါင်း ၂၀၉၄၃ ဦးထပ်တိုးလာတယ်လို့ KNU က စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ အခုနှစ် စက်တင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေ ကြောင့် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org