အစွန်းရောက် ဘာသာတရားလို့ သုံးနှုန်းခဲ့တာကို ကန့်ကွက်ကြောင်း ထုတ်ပြန်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော်ဘုရားကြီးရဲ့ ဈာပန အခမ်းအနားတက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားရာမှာ "အစွန်းရောက် ဘာသာတရားတစ်ခု" လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ကန့်ကွက်ကြောင်း ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
-
2018-11-29 -
-
-
Your browser doesn’t support HTML5 audio
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြိုင်ကြီးငူ ဆရာတော် ဘုရားကြီးရဲ့ ဈာပန အခမ်းအနားတက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို လျှောက်ထားရာမှာ "အစွန်းရောက် ဘာသာတရားတစ်ခု" လို့ ထည့်သွင်းသုံးနှုန်းခဲ့တာကို ကန့်ကွက်ကြောင်း ကုရ်အာန်အသိ ပညာပြန့်ပွားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထောင်စုဝန်ကြီးရဲ့ ပြောစကားဟာ မတူညီတဲ့ ဘာသာတွေအကြား အမုန်းပွားစေနိုင်တာကြောင့် ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က RFA ကို ပြောပါတယ်။
သူရဦးအောင်ကိုရဲ့ ပြောစကားကို ပြန်လည်ရှင်းလင်းပေးဖို့ ထုတ်ပြန်တဲ့ တောင်းဆိုချက်ကို မကြာခင်ရက်ပိုင်း အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို စာပေးပို့သွားမယ်လို့လည်း သိရပါတယ်။
မြိုင်ကြီးငူ ဆရာတော်ဘုရားကြီး ဈာပနကို တက်ရောက်လာတဲ့ ဆရာတော်တွေကို ဝန်ကြီး သူရဦးအောင်ကိုက ဗုဒ္ဓဘာသာဝင်တွေ သားသမီး တစ်ယောက်၊ နှစ်ယောက်ယူနေချိန်မှာ အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးမယား ၃၊ ၄ ယောက်ယူပြီး သား၊ သမီးတွေ ၁၄ ယောက် အယောက် ၂၀ လောက် ဖွေးဖွားနေကြောင်း လျှောက်ထားခဲ့ပါတယ်။
"ဘုရားတပည့်တော်တို့က တစ်လင်တစ်မယားစနစ်နဲ့ ကလေးတစ်ယောက်၊ နှစ်ယောက်ယူနေတဲ့အချိန်မှာ အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီးမယား ၃၊ ၄ ယောက်ယူပြီးတော့ သားသမီး ၁၅ ယောက် ၂၀ ယူနေချိန် မှာ ဘုရားတပည့်တော်တို့နောက် နှစ် ၃၀၊ ၄၀၊ ၅၀ အချိန်မှာ ဘုရားတပည့်တော်တို့ရဲ့ ပြည်ထောင်စုကြီးမှာ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ မြန်မာတိုင်းရင်းသားများက လူနည်းစုဖြစ်သွားမှာ သေချာနေပါတယ်ဘုရား၊ ဘာသာခြားတွေက လူများစုဖြစ်ပြီးတော့ လွှမ်းမိုးသွားမယ့် အန္တရာယ်ကလည်း ရှိနေပါတယ်ဘုရား"
ဒါ့အပြင် ဝန်ကြီး သူရဦးအောင်ကိုက ဘာသာရေးကိုအခြေခံတဲ့ လူမှုရေးပဋိပက္ခတွေ မဖြစ်ပွားအောင် ကုလသမဂ္ဂနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ ပိတ်ဆို့မှုမခံရအောင် ဆောင်ရွက်နေရတာဖြစ်ပြီး တခြားဘာသာတွေကို ချစ်ခင်လို့ မဟုတ်ကြောင်းလည်း ဆရာတော်ကြီးတွေကို လျှောက်ထားချက်မှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးသူရဦးအောင်ကိုရဲ့ လျှောက်ထားချက်မှာ အစွန်းရောက်ဘာသာကြီးတစ်ခုလို့ သုံးနှုန်းခဲ့တာကို ကန့်ကွက်မှုတွေလည်းရှိပါတယ်။
ပြည်ထောင်စုဝန်ကြီးက အစွန်းရောက်ဘာသာကြီးတစ်ခုလို့ ပြောဆိုတာဟာ မတူညီတဲ့ ဘာသာတွေအကြား အမုန်းပွားစေနိုင်တာကြောင့် ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုတာဖြစ်ကြောင်း ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က RFA ကို ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေး လှုပ်ရှားမှုတွေဆောင်ရွက်နေချိန်မှာ အစိုးရအဖွဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦးက အခုလို အမုန်းပွားစေတဲ့ စကားတွေ ပြောဆိုတာကို နားမလည်နိုင်အောင်ဖြစ်ရကြောင်းလည်း ဦးစန်းအောင်က ပြောပါတယ်။
"ကျနော် ဘာသာတရားကို ယုံကြည်တဲ့သူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာကတစ်ခုပါ၊ ဒါပေမဲ့ ဘာသာတရားရှိခြင်းကို ကျနော်ကလေးစားပါတယ်၊ အဲတော့ ဘာသာတရားတွေကို အစွန်းရောက်လို့ ပြောခြင်းဟာ ကျနော်လက်မခံနိုင်ပါဘူး၊ ဘာသာဝင်တွေက ရှိကောင်းရှိပါလိမ့်မယ်၊ ဘာသာဝင်တွေနဲ့ ဘာသာတရားမဆိုင်ဘူးလို့ ကျနော်က ထင်ပါတယ်၊ ဒီလိုအပြောအဆို မျိုးတွေက ဝန်ကြီးအဆင့်မပြောနဲ့ အောက်ခြေမှာရှိတဲ့ ဝန်ထမ်းအဆင့်တောင် မပြောသင့်တဲ့စကားတွေဖြစ် ပါတယ်၊ နောက်တစ်ခု ဒါတွေက အမုန်းစကားတွေပါ၊ အဲဒါလေးတွေကတော့ ကျနော်တို့ ပြည်သူတွေကြားထဲမှာ ခံစားရတယ်၊ နောက်တစ်ချက် ကျနော်တို့ ဘာသာရေးအရ စိတ်ငြိုငြင်မှုဖြစ်ပါတယ်၊ ဒီလိုအပြောမျိုးတွေ နောက်မဖြစ်ဖို့တော့ အရေးကြီးပါတယ်၊ ဒီစကားလုံးကို ဝန်ကြီးက ပြန်လည်ရှင်းလင်းပေးပါဆိုပြီးတော့ တောင်းဆိုတဲ့အနေအထားနဲ့ သဘောထားထုတ်ပြန် ကြေညာခြင်းဖြစ်ပါတယ်"
သူရဦးအောင်ကိုရဲ့ ပြောစကားကို ပြန်လည်ရှင်းလင်းပေးဖို့ ထုတ်ပြန်တဲ့ တောင်းဆိုချက်ကို မကြာခင်ရက်ပိုင်း အတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို စာပေးပို့သွားမယ်လို့လည်း သိရပါတယ်။
ပြန်လည်ဖြေရှင်းပေးဖို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဝန်ကြီး သူရဦးအောင်ကိုထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကတော့ ကုရ်အာန် အသိပညာပြန့်ပွားရေးအဖွဲ့ရဲ့ တောင်းဆိုချက်ကို မဖတ်ရသေးတာကြောင့် ဘာမှပြောစရာမရှိကြောင်း RFA ကို ပြောပါတယ်။
"ကျနော် အဲဒါလည်း မဖတ်ရသေးဘူး၊ အစည်းအဝေးတက်နေလို့လေ၊ အဲအတွက် ကျနော် ဘာမှပြောစရာ မရှိပါဘူး"
ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပြန်လည်ရှင်းလင်းတာတွေ မလုပ်ဘူးဆိုရင် နောက်တဆင့်အနေနဲ့ အများပြည်သူ သိရှိနိုင်အောင် သတင်းစာရှင်းလင်းပွဲလုပ်တာတွေ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့တွေကို ကူညီပေးဖို့တောင်းဆို တာတွေလုပ်ပြီး နိုင်ငံသားအခွင့်အရေး နစ်နာဆုံးရှုံးနေတယ်ဆိုတဲ့ အသံတွေသိရှိအောင် ဆောင်ရွက်သွားမယ် လို့လည်း ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့က ပြောပါတယ်ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က ပေးပို့ထားတာပါ။